ရန်ကုန်မြို့ မုဒိတာအိမ်ယာ(၂) တွင် နေထိုင်သူ ၁ ဦးကို Quarantine စင်တာသို့ ပို့ဆောင်

ရန်ကုန်မြို့ မုဒိတာအိမ်ယာ(၂) တွင် နေထိုင်သူ ၁ ဦးကို Quarantine စင်တာသို့ ပို့ဆောင်
ဓာတ်ပုံ  - သူရိန်ထွန်း

သြဂုတ်လ ၂၅ရက်

စစ်တွေမြို့တွင် ကိုဗစ် ၁၉ အတည်ပြုလူနာနှင့် ထိတွေ့ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊မုဒိတာအိမ်ယာ (၂) ၌ နေထိုင်သော အမျိုးသားတစ်ဦးကို အသွားအလာကန့်သတ် စစ်ဆေးရန်အတွက် ဩဂုတ်လ ၂၅ ရက်နေ့ နံနက်ပိုင်းက Quarantine စင်တာသို့ ပို့ဆောင်ခဲ့ကြောင်း အင်းစိန်မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

၎င်းသည် စစ်တွေမြို့မှ COVID-19 ရောဂါပိုးတွေ့ရှိသူ လူနာအမှတ် ၄၇၁ နှင့် ထိတွေ့မှုရှိခဲ့သည့်အတွက် အသွားအလာကန့်သတ်ရေး စင်တာသို့ ပို့ဆောင်လိုက်ခြင်း ဖြစ်ကြောင်း အင်းစိန်မြို့နယ် ကျန်းမာရေးဦးစီး ဌာနမှူး ဒေါက်တာသန္တာဆွေက ပြောသည်။

“သူက ၄၇၁ (လူနာအမှတ်) နဲ့ ၁၅ရက်၊ ၁၆ ရက်မှာ ရခိုင်မှာ သင်တန်းလုပ်ခဲ့လို့ပါ။” ဟု ဒေါက်တာသန္တာဆွေက ပြောသည်။

ယခု Quarantine Center သို့ ပို့ဆောင်လိုက်သော အမျိုးသားသည် NGO အဖွဲ့အစည်းတွင် အလုပ်လုပ်ကိုင်နေ သော ကျန်းမာရေး ဝန်ထမ်းတစ်ဦးဖြစ်ကြောင်း သိရသည်။

၎င်းသည် စစ်တွေမြို့တွင် ဩဂုတ်လ ၁၅ ရက်နှင့် ၁၆ ရက်နေ့တို့တွင် အသက် (၂၈) နှစ်အရွယ် လူနာအမှတ် (၄၇၁) နှင့်အတူ သင်တန်းတစ်ခု ပြုလုပ်ခဲ့ပြီး ဩဂုတ်လ ၁၉ ရက်နေ့တွင် ရန်ကုန်မြို့သို့ ရောက်ရှိလာခြင်း ဖြစ်သည်ဟု ဒေါက်တာသန္တာဆွေက ပြောသည်။

 ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ဩဂုတ်လ ၂၄ ရက်နေ့ ည ၈ နာရီ ထုတ်ပြန်ချက်ထဲတွင် အသက် ၂၈ နှစ်ရွယ် လူနာအမှတ် ၄၇၁ မှာ COVID-19 ရောဂါပိုးတွေ့ရှိသည့်အတွက် ယနေ့တွင် ၎င်းနှင့် ထိတွေ့ခဲ့သော မုဒိတာအိမ်ရာ၌ နေထိုင်သူ အမျိုးသားကို ကေတုမတီ Quarantine စင်တာသို့ ပို့ဆောင်ခဲ့ခြင်း လည်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly