ရခိုင်ပြည်နယ်တွင် တာဝန်ထမ်းဆောင်ရန် အစိုးရစရိတ်ဖြင့် စေတနာ့ဝန်ထမ်း ၁၅၀ ဦး ခေါ်ယူမည်

ရခိုင်ပြည်နယ်တွင် တာဝန်ထမ်းဆောင်ရန် အစိုးရစရိတ်ဖြင့် စေတနာ့ဝန်ထမ်း ၁၅၀ ဦး ခေါ်ယူမည်
Photo - EPA

သြဂုတ်လ ၂၅ရက်

လတ်တလော ပြည်တွင်းကူးစက်မှုမြင့်တက်နေတဲ့ ရခိုင်ပြည်နယ်မှာ မိမိဆန္ဒအလျှောက် တာဝန်ထမ်းဆောင်ဖို့ အတွက် အစိုးရစရိတ်နဲ့ စေတနာ့ဝန်ထမ်း ၁၅၀ ခေါ်ယူသွားဖို့ စီစဉ်ထားတယ်လို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင် လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက မဇ္ဈိမကို ပြောပါတယ်။

“၅၀ သုံးစုနဲ့ ၁၅၀ ခေါ်သွားမှာပါ။ ရန်ကုန်တစ်ခုတည်းတော့ မဟုတ်ဘူးဗျ။ ရန်ကုန်က သုံးဆယ်၊ လေးဆယ် လောက်ပါမယ်။ ပြီးရင် တခြားတိုင်းနဲ့ ပြည်နယ်ကလည်း ပါအုံးမယ်။ အဲဒါကတော့ အခြေအနေပေါ် မူတည်ပြီး လုပ်မှာလေ။ အဲဒါကတော့ အတိအကျပြောလို့ မရဘူး။ စေတနာ့ဝန်ထမ်း စာရင်းပေးထားတဲ့အပေါ်မူတည်ပြီး ရန်ကုန်ကတော့ အများဆုံးလိုက်ရမှာပေါ့။” လို့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ပြောပါတယ်။

အခုခေါ်ယူဖို့ စီစဉ်ထားတဲ့ စေတနာ့ဝန်ထမ်း ၁၅၀ အနက် တစ်သုတ်ကို လူ ၅၀ ဦးစီ စေလွှတ်သွားမှာဖြစ်ပြီး Quarantine Center မှာ အတွေ့အကြုံရှိသူတွေကို အဓိကထားခေါ်ယူသွားမှာ ဖြစ်တယ်လို့ သူကပြောပါတယ်။

စေတနာ့ဝန်ထမ်းတွေကိုတော့ ရန်ကုန်က အများဆုံးခေါ်ယူသွားမှာဖြစ်ပြီး နေပြည်တော်မှာ တာဝန်ထမ်းဆောင်နေတဲ့ စေတနာ့ဝန်ထမ်းတွေ လိုက်ပါလို့ မရဘူးလို့  လူမှုရေးဝန်ကြီးဦးနိုင်ငံလင်းက သူ့ရဲ့ဖေ့စ်ဘွတ်မှတ်ချက်မှာ ရေးသားထားတာ တွေ့ရပါတယ်။

သွားရောက်ရမယ့် စေတနာ့ဝန်ထမ်းတွေဟာ ရခိုင်ပြည်နယ် Quarantine Center တွေနဲ့ လိုအပ်တဲ့ နေရာတွေမှာ ၂၁ ရက်ကြာ တာဝန်ထမ်းဆောင်ရမှာဖြစ်ပြီး ပြန်လာတဲ့အခါ Quarantine နှစ်ပတ် ဝင်ရမှာ ဖြစ်ပါတယ်။

“အတိအကျပြောရရင် ၂၁ ရက်နေရမှာပေါ့ဗျာ။ အဲဒီမှာ(စစ်တွေ)။ ပြန်လာတဲ့အခါ ရန်ကုန်ပြန်တာပဲဖြစ်ဖြစ်၊ မန္တလေးပြန်တာပဲ ဖြစ်ဖြစ် Quarantine နှစ်ပတ်နေရမယ်။” လို့ ဦးနိုင်ငံလင်းက ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ တာဝန်ထမ်းဆောင်ဖို့ သွားရမယ့်ရက်ကိုတော့ မသတ်မှတ်ရသေးပေမယ့် အမြန်ဆုံးသွား နိုင်အောင် စီစဉ်ထားတယ်လို့ သူကဆိုပါတယ်။

ရခိုင်ပြည်နယ်မှာ စေတနာ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ဖို့ နာမည်စာရင်းပေးထားသူဖြစ်တဲ့ မန္တလေးမြို့မှာ နေထိုင်တဲ့ မအေးသန္တာထွန်းအောင်က သူသွားရောက်လိုတဲ့အကြောင်း အခုလိုပြောပါတယ်။  

“အဓိက စစ်တွေမှာ ကူးစက်မှုတွေက ဆယ်ဆလောက် မြင့်တက်နေတဲ့အခါမှ ကျွန်မတို့က တဖက်တလမ်းကနေပြီး ပါဝင်ကူညီချင်တာပေါ့။ ပထမကိုဗစ်ဖြစ်တုန်းကတော့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးရုံးမှာ စေတနာ့ ဝန်ထမ်းအဖြစ် လုပ်ဖူးပါတယ်။ ” လို့ မအေးသန္တာထွန်းအောင်က ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ ဩဂုတ်လ ၂၅ ရက်နေ့ မနက်ပိုင်းအထိ ကိုဗစ် ၁၉ ရောဂါအတည်ပြုလူနာဟာ ၈၂ ဦး ရှိနေပြီး ပိုးတွေ့လူနာ နေထိုင်ခဲ့တဲ့ ရပ်ကွက်နဲ့ လမ်းတွေကိုလည်း အသွားအလာကန့်သတ်ထားပြီး အိမ်ထဲမှာပဲ နေကြဖို့နဲ့ မလိုအပ်ပဲ အပြင်မထွက်ကြဖို့ကိုလည်း စည်းကမ်းသတ်မှတ်ချက်တွေ ထုတ်ပြန်ထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly