ဆေးရုံ ထပ်ရောက်လာသည့် ဂျပန်ဝန်ကြီးချုပ် ကျန်းမာရေးအတွက် စိုးရိမ်

ဆေးရုံ ထပ်ရောက်လာသည့် ဂျပန်ဝန်ကြီးချုပ် ကျန်းမာရေးအတွက် စိုးရိမ်

ဩဂုတ် ၂၄

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးကို တင်ဆောင်လာသည့် မော်တော်ယာဉ်တန်းသည် တိုကျိုဆေးရုံသို့ ဩဂုတ် ၂၄ ရက်၌ ထပ်မံ ရောက်ရှိလာ၍ ကျန်းမာရေး မကောင်း၍ ခေါင်းဆောင်တစ်ဦးအဖြစ် ဆက်လက် ရပ်တည်နိုင်ဦးမည်လားဆိုခြင်းနှင့် ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကို ကိုင်တွယ်ဖြေရှင်းနေရ၍ ကိုယ်ပန်းလူပန်း ဖြစ်နေပြီလားဆိုကာ စိုးရိမ်ပူပန်မှုများ ဖြစ်ပွားစေခဲ့သည်။

ယခုအခေါက် ဆေးရုံသို့ ဝန်ကြီးချုပ် အာဘေး လာရောက်ခြင်းမှာ ပြီးခဲ့သည့် တစ်ပတ်က ကျန်းမာရေး ဆေးစစ်ချက် ရလဒ်အတွက်ဖြစ်ကြောင်း အစိုးရသတင်းရင်းမြစ်များကို ကိုးကားပြီး ပြည်တွင်းမီဒီ ယာများက ဖော်ပြသည်။ ဝန်ကြီးချုပ် အာဘေးသည် ပြီးခဲ့သည့် သီတင်းပတ်က ခုနစ်နာရီခွဲ ကျော်မျှ ကျန်းမာရေး စစ်ဆေးခဲ့ရရာ ၎င်း၏ ကျန်းမာရေးအခြေအနေနှင့် ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများ ဖြစ်ပွားခဲ့ရသည်။

သို့သော် ဝန်ကြီးချုပ်သည် ကျန်းမာရေး စစ်ဆေးခြင်းထက် နာတာရှည် နာမကျန်းခြင်းကို ကုသခံနေရခြင်းဖြစ်သည်ဟု အမည်မဖော်သော အစိုးရနှင့် အာဏာပါတီ သတင်းရင်းမြစ်များကို ကိုးကားပြီး ရုပ်သံသတင်းဌာနကြီးဖြစ်သည့် Nippon TV က ဖော်ပြခဲ့သည်။

“ကျွန်တော် ပြောပြလိုတာက ဝန်ကြီးချုပ်ဟာ ပြီးခဲ့တဲ့ သီတင်းပတ်မှာ ဆေးစစ်ပြီးတာကို နောက်ထပ် ထပ်စစ်ဖို့အတွက် ရောက်လာတာပဲ ဖြစ်ပါတယ်။”ဟု ကက်ဘိနက်အတွင်းဝန်ချုပ် ဆူဂါက ပုံမှန်သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။

“ဝန်ကြီးချုပ်ဟာ ဒီရက်နောက်ပိုင်းအချိန်မှာ ရုံးပြန်တက်မယ်လို့ ပြောနေပါတယ်။”ဟု ၎င်းက ဆိုသည်။

ရှင်ဇိုအာဘေးသည် ဂျပန်နိုင်ငံ၏ အရှည်ကြာဆုံး တာဝန်ထမ်းဆောင်ရသည့် ဝန်ကြီးချုပ်အဖြစ် စံချိန်တင်ခဲ့သည်။ ၎င်း၏ ဘိုးလေးဖြစ်သူ အီဆာကူဆာတိုက ရာစုဝက်ကြာ ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းကာ စံချိန်တင်ထားသည်ကို ကျော်ဖြတ်လိုက်နိုင်ပြီ ဖြစ်သည်။

ထိုအကြောင်းကြောင့်လည်း ယင်း စံချိန်မှတ်တိုင်ကို ရောက်ရှိပြီးလျှင် အာဘေးသည် အနားယူလိမ့်မည်ဆိုသော ထင်ကြေးများ ထွက်ပေါ်လာစေသည်။

ဝန်ကြီးချုပ် သက်တမ်း လေးကြိမ်မြောက် လက်ရှိအထိ တာဝန်ထမ်းဆောင်နေသည့် အာဘေးသည် ပထမသက်တမ်း၌ အူမ ရောင်နာရောဂါကြောင့် အနားယူခဲ့ရပြီး ဆေးဝါးကုသနိုင်ကာ ရာထူးတာဝန်များကို ဆက်လက်ထမ်းဆောင်နေခြင်းဖြစ်သည်။

ဆေးရုံသို့ အာဘေး ရောက်ရှိလာခြင်းနှင့် ပတ်သက်ပြီး ဝန်ကြီးချုပ်ရုံးက အသေးစိတ် မထုတ်ပြန်သော်လည်း ၎င်း၏ နီးစပ်သော လက်ထောက်ဖြစ်သူ ကျန်းမာရေးဝန်ကြီးက ပြီးခဲ့သည့် အပတ်က ဝန်ကြီးချုပ် ဆေးရုံသို့ လာရောက်ခြင်းမှာ ကျန်းမာရေး စစ်ဆေးရန်အတွက်ပဲ ဖြစ်ပြီး သူ့ ကျန်းမာရေးအတွက် လုံးလုံး မစိုးရိမ်ကြောင်း ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly