တစ်နာရီကို လူ ၇ ယောက်ထိ ကိုဗစ်စစ်ဆေးနိုင်သည့်စက် တပ်မတော်မှ စစ်တွေသို့ပို့

တစ်နာရီကို လူ ၇ ယောက်ထိ ကိုဗစ်စစ်ဆေးနိုင်သည့်စက် တပ်မတော်မှ စစ်တွေသို့ပို့
ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

ဩဂုတ် ၂၃

တစ်နာရီကို လူ ၇ ယောက်အထိ ကိုဗစ်ရောဂါရှိမရှိစစ်ဆေးပေးနိုင်တဲ့စက်ကို တပ်မတော်ကနေပြီး ရခိုင်ပြည်နယ်၊ စစ်တွေမြို့ကိုပို့ဆောင် ပေးခဲ့ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ကထုတ်ပြန်သည်။

တပ်မတော်က ပေးပို့ခဲ့သည့် စက်မှာ Pockit Central Nucleic Acid Analyzer အမည်ရှိစက်ဖြစ်ပြီး Reagents များအသုံးပြုကာ RT- PCR သဘောတရားအတိုင်း SARS-CoV-2 ဗိုင်းရပ်စ်၏ မျိုးရိုးဗီဇအား ရှာဖွေသော စက်ဖြစ်ကြောင်းလည်းသိရသည်။

“ Reagents (ဗိုင်းရပ်စစ်ရာတွင်အသုံးပြုရသောပစ္စည်း) ၄၀၀ စာပါသွားတယ်။ လောလောဆယ်မှာတော့ စစ်တွေမှာရှိတဲ့ တပ်မတော်ဆေးရုံမှာထားထားပါတယ် ” လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်ချုပ် ဇော်မင်းထွန်းကပြောသည်။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှ ရန်ကုန်မြို့ရှိ အမျိုးသား ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနသို့ သံသယလူနာများ၏ တို့ဖတ်နမူနာများ ဓာတ်ခွဲစမ်းသပ်မှုပြုလုပ်ရန်ပေးပို့ရာတွင် လမ်းခရီးအလွန်ဝေးကွာခက်ခဲခြင်း၊ သွားလာမှု အချိန်၊ လူ၊ နေရာ၊ ကန့်သတ်ချက်များ ဖြစ်ပေါ်နေသည့်အတွက် အဆိုပါစက်ကိုပေးပို့ရခြင်းဟု တပ်မတော်ကထုတ်ပြန်သည်။

အလားတူ တပ်မတော်၏ ကိုဗစ်သတ်မှတ်ချက် အနီရောင်အဆင့်ဖြစ်သည့်အတွက် စစ်ဆရာဝန်နှင့်သူနာပြု စုစုပေါင်း ၇၆ ဦးကိုလည်း ရခိုင်ပြည်နယ်သို့ ပို့ဆောင်ထားပြီး စစ်တွေမြို့ရှိ အမှတ် (၈) နယ်မြေခံဆေးတပ်ရင်းတွင် လည်း လူနာ ၁၀၀ စာအတွက်ပြင်ဆင်ထား ကြောင်းလည်း သိရသည်။

အလားတူ ဩဂုတ်လ (၂၃) ရက်တွင်လည်း "မိမိဆန္ဒအလျောက်" ရခိုင်ပြည်နယ်တွင် ယာယီတာဝန်ထမ်းဆောင်မည့် ဒုတိယပြည်နယ် ပြည်သူကျန်းမာရေးဦးစီးဌာနမှူး (၁) ဦး၊ လက်ထောက်ဆရာဝန် (မေ့ဆေးအထူးကု) (၃) ဦးနှင့် လက်ထောက်ဆရာဝန် (ဆေးပညာအထူးကု) (၁) ဦး၊ လက်ထောက်ဆရာဝန် (၁၃) ဦးနှင့် သူနာပြုဆရာမကြီး (၃) ဦးတို့ကို ဆေးနှင့် ဆေးပစ္စည်းကိရိယာများနှင့်အတူ အထူးလေယာဉ်ဖြင့် ကျန်းမာရေးဝန်ကြီး ဌာနကပို့ဆောင်ထာသည်။

ယခု စစ်တွေမြို့၌ကူးစက်ဖြစ်ပွားနေသော ဗိုင်းရပ်စ်ပိုးသည် မျိုးဗီဇ ပြောင်းလဲ နေသည့် အမျိုးအစားဖြစ်နိုင်သောကြောင့် ဆေးသုတေသနဦးစီးဌာန၌ ဗိုင်းရပ်စ်ပိုး၏ မျိုးဗီဇကိုစစ်ဆေးဖော်ထုတ်သွားမည်ဖြစ်ပါကြောင်းလည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကလည်းထုတ်ပြန်ခဲ့သည်။

လက်ရှိရခိုင်ပြည်နယ်တွင် တစ်ပတ်အတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၅၃ ဦးရှိနေပြီး အများစုမှာ စစ်တွေကဖြစ်ကာ သံတွဲ ၂ ဦး နှင့် မြောက်ဦးမြို့နယ်က ၃ ဦးပါဝင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly