နိုင်ဂျီးရီးယား၏ ဆံပင်အလှ ဂုဏ် တပ်မက်မှုနှင့် ကမ္ဘာ့ စတုတ္ထမြောက် ဆံပင်တင်ပို့သည့် နိုင်ငံဖြစ်လာသော မြန်မာ

နိုင်ဂျီးရီးယား၏ ဆံပင်အလှ ဂုဏ် တပ်မက်မှုနှင့် ကမ္ဘာ့ စတုတ္ထမြောက် ဆံပင်တင်ပို့သည့် နိုင်ငံဖြစ်လာသော မြန်မာ

 သြဂုတ် ၂၁

“ကျွန်မအတွက် တစ်နေ့တာ ဘယ်လို ပြင်ဆင်ဝတ်စားရမလဲဆိုတာဟာ ဘယ်ဆံပင်တု တပ်ရင်ကောင်းမလဲဆိုတာနဲ့ စတာပါပဲ။”ဟု နိုင်ဂျီးရီးယားက ဆံပင်တုပြုလုပ်သူ အိုလေရင်ကာတီတဲလ်လုက ပြောသည်။ သူ့တွင် တစ်လအတွင်း ဆံပင်တု အမျိုးမျိုးကို နေ့တိုင်း မထပ်ရအောင် ဝတ်ဆင်ရန် များစွာ ပိုင်ဆိုင်ရှိထားသည်။ ရာသီဥတုကို လိုက်ပြီး သူက ဆံတုကို ရွေးချယ်ဝတ်ဆင်တတ်သည်။ အေးမြသည့် ရက်များ၌ အိုလေရင်ကာသည် ရှည်လျားပြီး ထူထဲသော ဆံတုများကို တပ်ဆင်ကာ နွေကာလများ၌ ခပ်ပါးပါး၊ ခပ်တိုတို ဆံတုများ တပ်ဆင်လေ့ရှိသည်။ နိုင်ဂျီးရီးယား၏ စီးပွားရေးမြို့တော် လာဂို့စ်မြို့လယ်ရှိ သူ့၏ ဆံပင်တုဆိုင်သို့ လာရောက်သည့် ဖောက်သည်များကို သူ့ ဆံပင်ပုံစံအမျိုးမျိုးက ဆွဲဆောင်နိုင်လိမ့်မည်ဟု မျှော်လင့်ထားသည်။ အိုလေရင်ကာသည် ဆံပင်တုများကို ဒေါ်လာ ၆၀ မှ ဒေါ်လာ ၈၀၀ ကြား ဈေးနှုန်းဖြင့် ရောင်းချသည်။ ထို ဆံပင်တုများကို ကမ္ဘောဒီးယားမှ လာသော လူ့ဆံပင်များဖြင့် ပုံစံမျိုးစုံဖြင့် ဆံပင်တု ပြုလုပ်ခြင်း ဖြစ်ကြောင်း သူက ပြောသည်။ 

အချို့သော အာဖရိက အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူများက ရှည်လျားဖြောင့်စင်းသော ဆံပင်တုများနှင့် ဆံပင်ရှည်ထားခြင်းများသည် အလှအပရေးရာ၌ အနောက်တိုင်းအိုင်ဒီယာများကို တုပခြင်းသာဖြင့်သည်ဟု ငြင်းဆိုကြသည်။ သို့သော် နိုင်ဂျီးရီးယားက ဆံပင်တု ဝယ်ယူသူများက ဆံပင်ပုံစံ အမျိုးမျိုးကို နှစ်သက်ကြဟန် ရှိနေသည်။ ဆံပင်တု ရောင်းချသူများကလည်း မတူညီသည့် ဆံပင်ဆံသားများ နယ်မြေအသီးသီးမှ ဝယ်ယူရရှိပြီး ပုံသွင်းကာ ရောင်းချသည်ဟု ကြော်ငြာကြသည်။ ဘရာဇီးတို့၏ ဆံသားများသည် တောက်ပြောင်ပြီး တာရှည်ခံ၍ ရေပန်းစားသည်။ ဗီယက်နမ်ကမူ ပြတ်လွယ်ခြင်း မရှိသည့် ဆံပင်များကြောင့် လူကြိုက်များပြီး မွန်ဂိုလီယားက ဆံပင်မှာ ကောက်တွန့်ပုံသွင်းရ လွယ်သည်။ လာဂို့စ်က အရောင်းသမားတစ်ဦးက “နူးညံ့သော အီတလီဆံသားများ”ကို ကြော်ငြာရောင်းချသည်။ မည်သည့် နိုင်ငံမှ ဆံသားများ ဖြစ်ကြောင်း မည်သို့ပင် ကြော်ငြာရောင်းချသော်လည်း ယင်း ဆံပင်များမှ နေရာစုံမှ လာသော ဆံပင်များဖြစ်ပြီး တစ်ခါတစ်ရံ တရုတ်မှပင် လာသည့် ဆံပင်များ ဖြစ်သည်ဟု ဝယ်သူအချို့မှ ယူဆကြသည်။ 

ဆံပင်များ မည်သည့်နိုင်ငံ၊ မည်သည့်ဒေသမှ လာသည်ကို လိမ်လည်ရောင်းချခြင်း မပြုလိုသည့် ဆံပင်ကုန်သည်များအတွက်ပင် ခြေရာခံ သိရှိရန် ခက်ခဲနေသည်။ အာဖရိကသို့ ရောက်ရှိလာသော ဆံပင်အများစုမှာ တရုတ်စက်ရုံများမှ ဖြစ်သည်။ ထို စက်ရုံများတွင် ဆံပင်များကို ဆံသားဆံခြည် တူရာတူရာ စုစည်းခွဲထုတ်သည်။ ရှင်းလင်းကာ အရောင်တင်ပြီး ကောက်ခြင်းများ ပြုလုပ်သည်။ ထို လူ့ဆံပင်စည်းများတွင် မြင်းလည်ဆံမွေးများလည်း ပါကောင်းပါနိုင်သည်။ တရုတ်နိုင်ငံကတော့ နိုင်ဂျီးရီးယားတွင် ဝယ်လိုအား အားကြီးသည့် “ပီရူးမှ ဆံပင်များ”ဟု သေတ္တာများတွင် တံဆိပ်ကပ်ကာ တစ်ခါတစ်ရံ တင်ပို့တော့သည်။ အစွန်းအထင်း မခံလိုသော ဆံပင်တု ရောင်းသူများအနေဖြင့် အလိမ်အညာကင်းပြီး ကောင်းကောင်းမွန်မွန် တင်သွင်းသူကို ရွေးချယ်နိုင်ရမည်ဖြစ်ကာ အကောင်းဆုံး မျှော်လင့်ရောင်းချနိုင်မည် ဖြစ်သည်။ တစ်ချို့သော စည်းမစောင့်သူများသည် ဆံပင်များ ရောက်လာသည့်အခါ နိုင်ငံတံဆိပ်ပြောင်း တပ်ခြင်းများလည်း ရှိကြသည်။ နိုင်ဂျီးရီးယားတွင် ဆံပင်ဝယ်လိုအားက အလွန်ကို ကြီးမားသော်လည်း မည်သူတစ်ဦးတစ်ယောက်ကမျှ အခွန်ဆောင်လိုခြင်း မရှိကြပေ။ 

ဘီနင်နိုင်ငံသည် ပို၍ ကြီးမားသော အိမ်နီးချင်းနိုင်ငံ နိုင်ဂျီးရီးယားသို့ ကုန်စည်များ မှောင်ခိုသွင်းသည့် အထင်ကရ လမ်းကြောင်းဖြစ်သည်။ ၂၀၁၈ ခုနှစ်အတွင်း ကမ္ဘာပေါ်၌ အလိမ်အညာ ဆံပင်များ တင်သွင်းမှု၏ ၁၁ ရာခိုင်နှုန်းသည် ယင်းနိုင်ငံမှ ဖြစ်သည်။ နိုင်ဂျီးရီးယားက ၎င်းကိုယ်တိုင် ဆံသားအမွေးအမျှင်များ(လူ့ဆံပင်၊ တိရစ္ဆာန်အမွေးအမျှင်နှင့် အတုထုတ်လုပ်ထားသော ဆံပင်များအပြင် အဆင်သင့်သုံး ဆံခွေများ အပါအဝင်) တန်ချိန် ၃၆၀၀ ကျော် တင်သွင်းခဲ့သည်။ ထို တင်သွင်းနှုန်းထား၏ တစ်ဝက်ကသာ လူ့ ဆံပင်များ ဖြစ်သည် ဆိုလျှင်တောင် ထို ပမာဏသည် လူ ဆယ်သန်းကျော်အား ခါးလယ်လောက်ရှိသော ဆံရှည်တုများ ဆင်မြန်းပေးနိုင်မည့် ပမာဏပဲ ဖြစ်သည်။ “ဆံပင်ဝယ်လိုအားက ပုံမှန်ဆိုသလို ဈေးကွက်ထောက်ပံ့နိုင်တာထက် ကျော်လွန်နေတယ်။ ဆံပင် ရှားပါးပြတ်လပ်မှုက အတောမသတ်သလောက် နီးပါးပဲ။”ဟု အမ်မာတာလိုဆိုသည့် အမျိုးသမီးက သူ့၏ “Entanglement: The Secret Lives of Hair” စာအုပ်တွင် ရေးသားသည်။ 

ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း မြန်မာနိုင်ငံသည် ဆံပင် တင်ပို့မှု လေးဆတိုးလာခဲ့ပြီး လက်ရှိ၌ ကမ္ဘာတွင် စတုတ္ထမြောက် အများဆုံး ဆံပင်တင်ပို့သည့် နိုင်ငံဖြစ်လာသည်။ မြို့တော်ဟောင်းဖြစ်သော ရန်ကုန်မှ ဆံပင်ဝယ်ရောင်းသူ ကိုနေလင်းက အမျိုးသမီးများက သူဆိုင်သို့ လာရောက်ပြီး ဆံပင်ဖြတ်တောက် ရောင်းချရခြင်းကြောင့် ယခု လုပ်ငန်းသည် မကောင်းဘူးဟု သူ သိကြောင်း ပြောသည်။ “ဒီ တစ်နေ့မှာပဲ ကျွန်တော် ခေါင်းဆယ်ခေါင်းက ဆံပင်တွေ ဖြတ်ယူခဲ့ရတယ်။”ဟု ၎င်းက ပြောပြီး တစ်နေ့တာအတွက် အတော်များသည့် အရေအတွက် ဖြစ်သည်။ သူ၏ ဘေးကြမ်းပြင်တွင်လည်း စည်းနှောင်ထားသည် ဆံပင်စုများ ရှိနေသည်။ ဆံပင် ဝယ်ယူရာတွင် အလေးချိန်ပေါ် မူတည် တန်ဖိုးဖြတ်ခြင်း ဖြစ်သော်လည်း လာရောင်းသူများအနေဖြင့် သူ့တို့၏ ဆံပင်အတွက် ဒေါ်လာ ၁၈ ဒေါ်လာ ဝန်းကျင် ရရှိတတ်သည်။ စုကောက်ရရှိသမျှသော ဆံပင်အများစုမှာ တရုတ်သို့ တင်ပို့ခြင်း ဖြစ်သော်လည်း ယင်းနောက် ထို ဆံပင်များ မည်သည့်ဒေသ ရောက်သည်ကို ကျိန်းသေမသိကြောင်း သူက ပြောသည်။ ကိုနေလင်းအနေဖြင့် ဘဲမွေး၊ ဘဲတောင်များ ယခင်က တင်ပို့ခဲ့သူဖြစ်သော်လည်း ဆံပင်က ပို၍ အကျိုးအမြတ် များသည်ကို သိပြီးနောက် ပြောင်းလဲလုပ်ကိုင်ခဲ့သူဖြစ်သည်။ 

ရန်ကုန်မှ မြောက်ဖက် ကီလိုမီတာ ၅၀၀ ခန့်က ပျော်ဘွယ်မြို့က လယ်သမားများသည် ကြက်သွန်နှင့် ငရုတ်တို့ကို အရင်က ထွန်ယက်စိုက်ပျိုးခဲ့ကြသည်။ ယနေ့ ခေတ်တွင်မှု ၎င်းတို့၏ နေ့ရက်များကို ဆံပင် လိုက်ကောက်ခြင်းဖြင့် အချိန်ကုန်စေတော့သည်။ အိမ်ပေါက်စေ့ ဆံပင် လိုက်ဝယ်သူများ ရှိပြီး ၎င်းတို့က ဘီးဖီး၍ ကျွတ်သော ဆံပင်များကိုပါ ဝယ်ကြသည်။ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်တို့မှ အိတ်များဖြင့် ဆံပင်ဆံခြည်ထွေးများ ရောက်ရှိလျှင် ထို ဆံပင်များ ရှင်းလင်းခြင်းအတွက် နေ့တွက်ခဖြင့် လုပ်ကိုင်ခြင်းများလည်း ရှိသည်။ ‘ဆံပင်မြို့ပြ’ ဟု နာမည်သမုတ်ခံရသော ပျော်ဘွယ်မြို့က ဆံပင်ရှင်း အလုပ်သမားများသည် ထို ဆံပင်ထွေးများကို ရှင်းလင်းခြင်း၊ သန်းများ၊ ဖောက်များ ဖယ်ရှားခြင်းများ လုပ်ကိုင်ကြပြီး တစ်နေ့လျှင် ဒေါ်လာ ၁ ဒသမ ၂၀ ခန့် ဝင်ငွေရသည်။ ထို ဆံပင်များက ‘စံချိန်စံညွှန်းမီ ဆံပင်များ’အဖြစ် တရုတ်စက်ရုံများသို့ ရောက်သွားကြသည်။ ထိုသို့ ဆံပင်အဝယ်လိုက်ကောက်ခြင်းနှင့် ရှင်းလင်းခြင်းများက ကျန်ကျစရိတ်သည် အတုဖြစ်သော ဆံပင်များ လုပ်ခြင်းထက် ပိုများသော်လည်း ခေါင်းမှ ဆံပင်ကို တိုက်ရိုက်ဖြတ်တောက် ဝယ်ယူရခြင်းထက် ပို၍ သက်သာသည်။ 

“အဲဒီလို ဆံပင်ထွေးတွေ ရှင်းလင်းအရောင်တင်ပြီး တင်ပို့တဲ့ စက်ရုံတွေကို ကျွန်မတို့က အမှိုက်တွေလို့ ခေါ်တယ်။”ဟု အိုလေရင်ကာက လှောင်ပြောင်ပြောဆိုသည်။ သူ လုပ်သော ဆံပင်တုများတွင် ထိုသို့သော ဆံပင်များကို မသုံးကြောင်း ၎င်းက အလေးအနက် ပြောသည်။ အိန္ဒိယဆံပင်များက တော်တော်များများ အပြတ်အပြတ် ဖြစ်ကာ ဝယ်သူများက မနှစ်မြို့စရာ ကောင်းသည်ဟု ယူဆကြခြင်းကြောင့် အိန္ဒိယဆံပင်များကို သုံးရသည်ကိုလည်း မနှစ်သက်ဟု သူက ပြောသည်။ ဟိန္ဒူအများစုသည် ၎င်းတို့၏ အတ္တမာနများကို ဗိဿနိုးနတ်ဘုရားထံ သင်ပုန်းချေသည့် အမှတ်သညာဖြင့် အနည်းဆုံး တစ်ကြိမ် ဘုရားကျောင်းသို့ သွားကာ ဆံပင်များ ရိတ်ဖြတ်ကြသည်။ ထို ဘုရားကျောင်းများကို ယင်း ဆံပင်များကို ရောင်းချကြသည်။ သို့ရာတွင် နိုင်ဂျီးရီးယားတွင် အချို့သူများက ထိုသို့သော ဆံပင်များတွင် မြွေများ တွန့်လိမ်သွားလာနေသည်ဟု ယူဆနေကြတော့သည်။ လာဂို့စ်မြို့လမ်းများတွင် ဆံပင်တုများက ချမ်းသာမှုကို ကိုယ်စားပြုနေသည်။ ပိုးသားကဲ့သို့ နူးညံသော ဆံပင်များနှင့် အမျိုးသမီးများက ကြမ်းတမ်းသော ဆံခြည်မျှင်အတုများနှင့် အခြားသူများကို ဖြတ်ကျော်လျက် အပန်းဖြေ အညောင်းဖြေ လမ်းလျှောက်နေကြသည်မှာ ချမ်းသာမှု၏ သင်္ကေတ ဖြစ်နေသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly