စင်ကာပူ၌ ကိုဗစ်-၁၉ ကူးစက်သူအသစ် ၉၃ ဦး ထပ်တွေ့

သြဂုတ် ၂၀  

စင်ကာပူ၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူအသစ် ၉၃ ဦးထပ်မံတွေ့ရှိကြောင်း သြဂုတ် ၁၉ ရက်တွင် တာဝန်ရှိသူများက ပြောသည်။

အသစ်တွေ့ရှိသူများထဲတွင် လူနေရပ်ကွက်အတွင်းမှ ကူးစက်ခံထားရသူ နှစ်ဦး နှင့် ပြည်ပကနေ ၀င်ရောက်လာသူများထဲမှ ကူးစက်ခံရသူ ခြောက်ဦးတို့ ပါဝင်နေကြောင်း စင်ကာပူ ကျန်းမာရေးဝန်ကြီးဌာန (MOH) က ထုတ်ပြန်သည်။

ယခုအခါ ယင်းနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူစုစုပေါင်းသည် ၅၆,၀၃၁ ဦး ရှိနေသည်။  လူနေရပ်ကွက်အတွင်းမှ ကူးစက်ခံထားရသူ နှစ်ဦးစလုံးသည် အဆောင်များပြင်ပတွင် နေထိုင်လျက် ရှိသော work permit ကိုင်ဆောင်ထားသူများဖြစ်ပြီး ပြည်ပကနေ စင်ကာပူသို့ ၀င်လာပြီး ဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်း တွေ့ရှိသူ ခြောက်ဦးစလုံးသည်လည်း နိုင်ငံသို့ ရောက်ရောက်ချင်း stay-home သတိပေးချက်အောက်တွင် ရှိနေသူများဖြစ်ကြောင်း MOH က ပြောသည်။

ပြည်ပကနေ ၀င်လာသည့် ဗိုင်းရပ်စ် ကူးစက်ခံထားသူများထဲတွင် သြဂုတ် ၇ ရက်က ဗီယက်နမ်ကနေ နိုင်ငံသို့ ရောက်လာခဲ့သော အသက် ၂၃ နှစ်အရွယ် ကျောင်းသားတစ်ဦးလည်း ပါဝင်ကြောင်း သိရသည်။  ထို့ပြင် အဆိုပါ ပြည်ပကနေ ရောက်လာသည့် ကူးစက်ခံထားရသူများထဲတွင် အသက် သုံးနှစ် နှင့် ခုနစ်နှစ်အရွယ် မိန်းကလေးနှစ်ဦးလည်း ပါဝင်ကြောင်း သိရသည်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly