လာမည့်‌ရွေးကောက်ပွဲတွင် မသန်စွမ်းကိုယ်စားလှယ်လောင်း ၃ ဦးဝင်ပြိုင်မည်

လာမည့်‌ရွေးကောက်ပွဲတွင် မသန်စွမ်းကိုယ်စားလှယ်လောင်း ၃ ဦးဝင်ပြိုင်မည်

ဩဂုတ် ၁၉

နိုဝင်ဘာလ ၈ ရက်နေ့တွင်ကျင်းပမည့်ရွေးကောက်ပွဲတွင်  မသန်စွမ်းကိုယ်စားလှယ်လောင်း သုံးဦး ရန်ကုန်တိုင်းဒေသကြီးမှ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

မသန်စွမ်းကိုယ်စားလှယ်လောင်းများအတွက် ရုပ်ပိုင်းဆိုင်ရာ၊စိတ်ပိုင်းဆိုင်ရာခွဲခြားဆက်ဆံခံရသည့်စိန်ခေါ်မှုများလည်းရှိနေသည်။

 မြောက်ဥက္ကလာပမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ်ဝင်ရောက်ယှဉ်ပြိုင်မည့် ဒေါ်ချောစုလှိုင်က"အများစုက ဒီလိုအသိုင်းအဝိုင်းကိုမဝင်ကြဘူး။ ဝင်တဲ့မသန်စွမ်းကလက်ချိုး ရေလို့ရပါတယ်။ ဒါ့ကြောင့်ဒီခွဲခြားမှု တွေကို အားအဖြစ်ပြောင်းပြီး မသန်စွမ်းသူတွေကလည်း နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းခွင်မှာ လုပ်နိုင်တယ်။ တည်ဆောက်ရာမှာ ဖက်ဒရယ်ဒီမိုကရေစီစနစ်ပြင်ဆင်ပြီး တည်ဆောက်ရာမှာ ပါဝင်နိုင်တယ်ဆို တာမျိုး ပြနိုင်အောင် ကြိုးစားပါဝင်လိုပါတယ်”ဟုဆိုသည်။

ရန်ကုန်တိုင်းဒေသကြီး ၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်၊ တိုင်းဒေသကြီး အမှတ်(၂ )မဲဆန္ဒနယ်အတွက် ပြည်သူ့ပါတီမှ ဦးကြည်သာဟန်၊ မြောက်ဥက္ကလာပမြို့နယ်၊ ပြည်သူ့လွှတ်တော်နေရာအတွက် ဒေါ်ချောစုလှိုင်နှင့် တွံတေး မြို့နယ် ပြည်သူ့လွှတ်တော်နေရာအတွက် ဦးသန်းထူးတို့က ညီညွတ်သောတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီမှ ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး သုံးဦးစလုံးမှာ ကိုယ်အင်္ဂါမသန်စွမ်းသူများဖြစ်ကြသည်။

လွှတ်တော်နိုင်ငံရေးတွင် မသန်စွမ်းကိုယ်စားလှယ်များပါဝင်လာခြင်းအားဖြင့် မသန်စွမ်းသူများအရေးပိုမိုဆောင်ရွက်လာနိုင်မည်ဖြစ်ပြီး မြန်မာနိုင်ငံမသန်စွမ်းသူများ အသင်းချုပ်အနေဖြင့်ကြိုဆိုကြောင်း အသင်းချုပ် ဥက္ကဋ္ဌ ဦးအောင်ကိုမြင့်က ပြောသည်။

"မသန်စွမ်းတွေမှာလည်း အရည်အချင်းရှိပြီးသားပဲလေ။ တစ်ခုလေးမစွမ်းရုံနဲ့ ကျန်တဲ့ အင်္ဂါတွေက အများကြီးကောင်းနေတာပဲလေ။ အဲ့ဒါတွေ အသုံးမချဘူးဆိုရင် ၂၃ သိန်းသော လူ့စွမ်းအားအရင်းအမြစ်ဆုံးရှုံးသွားမှာပေါ့” ဟု ၎င်းက ပြောသည်။

၂၀၁၄ ခုနှစ်သန်းခေါင်စားရင်းအရ မြန်မာနိုင်ငံမှာ မသန်စွမ်းသူဦးရေက ၂၃ သိန်းရှိသည်။

လွှတ်တော်ကိုယ်စားလှယ်များထဲတွင် မသန်စွမ်းသူတွေပါက မသန်စွမ်းအရေးကို ပြောနိုင်မှုက ပိုပြီး အားကောင်းလာပြီးအခွင့်အလမ်းရစေနိုင်ဖို့ ရည်ရွယ်ကြကြောင်းလည်းဆိုသည်။

ရန်ကုန်တိုင်းဒေသကြီး မသန်စွမ်းသူများအသင်းတွင် အတွင်းရေးမှူးဖြစ်သူ ဒေါ်ချောစုလှိုင်က“ပါတီရဲ့ မူဝါဒမှာ ဖက်ဒရယ်ပြည်ထောင်စုကို ဦးတည်တဲ့အခါမှာ တိုင်းရင်းသားလူမျိုးပေါင်းစုံနဲ့ အတူတကွတည် ဆောက်မယ်။ နောက်တစ်ခါ အမျိုးသားတန်းတူအခွင့်အရေးနဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်ကို ဦးတည်တာဖြစ်လို့ ဒီပါတီကနေ ဝင်ရောက်ယှဉ်ပြိုင်တာပါ” ဟု ပါတီကိုယ်စားပြုဝင်ပြိုင်ရခြင်းအကြောင်းရင်း  ကိုပြောပြသည်။

ပုံ - ဒေါ်ချောစုလှိုင်

လာမည့် ၂ဝ၂ဝ အထွေထွေရွေးကောက်ပွဲအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ကနဦးကောက်ယူချက်စာရင်းအရ ဆန္ဒမဲပေးခွင့်ရှိသူ မသန်စွမ်း ၈ သောင်းနီးပါးရှိနေပြီး ရန်ကုန်တိုင်းတွင် ၁သောင်း၆ထောင် ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ၂ဝ၁၅ အထွေထွေရွေးကောက်ပွဲတွင်လည်း မသန်စွမ်းလွှတ်တော်ကိုယ်စားလှယ်လောင်းများဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရွေးချယ်တင်မြှောက်ခံရသူ သုံး ဦးရှိခဲ့ကြောင်း မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ်မှ သိရ သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly