ရွေးကောက်ပွဲ တရားမျှတမှု မရှိမှာကို ဒီမိုကရက်များအကြား စိုးရိမ်မှုများ ရှိနေ 

ရွေးကောက်ပွဲ တရားမျှတမှု မရှိမှာကို ဒီမိုကရက်များအကြား စိုးရိမ်မှုများ ရှိနေ 

သြဂုတ် ၁၉

အမေရိကန်သမ္မတ ရွေးကောက်ပွဲ ကျင်းပရန် ရက် ၈၀ နီးပါးသာ လိုတော့သည်အချိန်တွင် ယင်းရွေးကောက်ပွဲ၌ တရားမမျှတမှုများကြောင့် ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း ဂျိုးဘိုင်ဒန် အနိုင်မရမည်ကို ဒီမိုကရက်များ စိုးရိမ်နေကြသည်ဟု သိရသည်။ 

ယခုအပတ်အတွင်း နိုင်ငံတဝန်းရှိ ဒီမိုကရက်များသည် အွန်လိုင်း ညီလာခံ ကျင်းပပြီး မစ္စတာ ဘိုင်ဒန်ကို ၎င်းတို့ပါတီ၏ တရားဝင် သမ္မတလောင်းအဖြစ် ရွေးချယ်အတည်ပြုသွားကြမည်ဖြစ်သည်။ 

သို့သော် မစ္စတာ ဘိုင်ဒန်အနေဖြင့် ၎င်း၏ ထိန်းချုပ်မှုအောက်တွင် လုံးလုံးလျားလျား မရှိသလောက် ဖြစ်နေသည့် အချက်များအတွက် ရွေးကောက်ပွဲကို ယှဉ်ပြိုင်သွားရနိုင်သည့်အပေါ် ဒီမိုကရက်အများအပြားက စိုးရိမ်နေကြသည်။ 

အမေရိကန်ဒုသမ္မတဟောင်းဖြစ်သည့် ဘိုင်ဒန်နှင့် ၎င်း၏ မဟာမိတ်များသည် ယုံကြည်မှုပြည့်ဝသည့် ခံစားမှုရှိနေစရာ အကြောင်းရင်းများ ရှိနေသည်။ စစ်တမ်းများကလည်း ဘိုင်ဒန်သည် ၂၀၁၆ ခုနှစ်က ထရမ့် ကျဉ်းမြောင်းစွာ နိုင်ခဲ့သည့် ပြည်နယ်အားလုံးနီးပါးတိုင်းတွင် အသာရနေသည်ကို ပြသနေသည်။  

ဆယ်စုနှစ်တစ်စုအတွင်း ပထမဆုံးအကြိမ်အဖြစ် ဆိနိတ်ကို ပြန်လည် ထိန်းချုပ်ရေးနှင့် ကွန်ဂရက်ကို အပြည့်အဝ ထိန်းချုပ်နိုင်ရေးမှာလည်း မြင်နိုင်သည့် အကွာအဝေးတွင် ရှိနေသည်။ 

သို့သော် ထရမ့်သည် ကပ်ရောဂါကာလအတွင်း မဲပေးမှုကို တတ်နိုင်သမျှ ခက်ခဲအောင် လုပ်လာမည့်အပေါ် စိုးရိမ်ပူပန်မှုများ ရှိနေကြောင်း ဒါဇင်နှင့်ချီသော ဒီမိုကရက်တစ် တာဝန်ရှိသူများ၊ တက်ကြွလှုပ်ရှားသူများနှင့် မဲဆန္ဒရှင်များက အင်တာဗျူးများတွင် ထုတ်ဖော်ထားကြသည်။ 

ဘိုင်ဒန်ကိုယ်တိုင်ကလည်း ယင်းသည် ၎င်း၏ အကြီးမားဆုံး စိုးရိမ်မှုဖြစ်သည်ဟု ပြောသည်။ ထရမ့်အစိုးရသည် ဗိုင်းရပ်စ်ကို နှိမ်နင်းခြင်းထက် ဆန္ဒမဲပေးခွင့်အပေါ် ဖိနှိပ်ရေးအပေါ် ပိုပြီးစိတ်ဝင်စားနေကြောင်း သမ္မတဟောင်း ဘရက်ခ် အိုဘားမားကလည်း ပြီးခဲ့သည့် သောကြာနေ့က တွစ်တာတွင် သတိပေး ရေးသားခဲ့သည်။ 

ဒီမိုကရက် ဆယ်ဦးအနက် ရှစ်ဦးသည် မဲဆန္ဒရှင် အရေအတွက် နှိပ်ကွပ်မှု နှင့်ပတ်သက်၍ စိုးရိမ်ပူပန်နေကြောင်း ရိုက်တာ စစ်တမ်းတစ်ရပ်က ပြသနေသည်။ 

ထရမ့်သည် စာတိုက်ကနေတဆင့် မဲပေးခြင်းအပေါ် လများစွာကြာ ကန့်ကွက်ပြောဆိုထားခဲ့ပြီး ယင်းက လိမ်လည်မှုဆီ ဦးတည်စေနိုင်ကြောင်း သက်သေအထောက်အထား မပြဘဲ ပြောဆိုထားခဲ့သည်။ ထို့ပြင် စာတိုက်ရုံးအတွက် ထပ်တိုး ငွေကြေးထောက်ပံ့ရန် ဒီမိုကရက်တစ်များ၏ တောင်းဆိုချက်များကို ပိတ်ဆို့မည်ဖြစ်ကြောင်း ထရမ့်က ဝန်ခံသွားခဲ့သည်။ 

“ရွေးကောက်ပွဲ နီးလာလေလေ ထရမ့်နဲ့ သူ့ကမ်ပိန်းအဖွဲ့ ပိုပြီး စွတ်လုပ်လာလေလေ ဆိုတာကလွဲလို့ ဘာဖြစ်လာမလဲဆိုတာကို ကျွန်တော်တို့ မခန့်မှန်းနိုင်ပါဘူး” ဟု ဘိုင်ဒန်ကို ထောက်ခံသည့် နိုင်ငံရေး လှုပ်ရှားစည်းရုံးရေး ကော်မတီတစ်ခုဖြစ်သည့် Unite the Country ၏ အကြံပေး ရိုဒယ်လ် မော်လီနူက ပြောသည်။ 

တချိန်တည်းတွင် ထရမ့် မဲဆွယ်ကမ်ပိန်းအဖွဲ့၏ ပြောခွင့်ရပုဂ္ဂိုလ် တင်မ် မာတော့ဖ်ကလည်း သမ္မတ ထရမ့်အနေဖြင့် လွတ်လပ်မျှတသော ရွေးကောက်ပွဲကိုသာ အလိုရှိကြောင်းနှင့် ဒီမိုကရက်များကသာ စာတိုက်စနစ်ဖြင့် မဲပေးမှုကို တိုးချဲ့ရန် ကြိုးပမ်းခြင်းဖြင့် ဗရမ်းပတာအခြေအနေများကို ဖိတ်ခေါ်နေခြင်းဖြစ်ကြောင်း ပြောခဲ့သည်။ 

သို့သော် စာတိုက်မဲပေးစနစ်က ကပ်ရောဂါကာလအတွင်း မဲဆန္ဒရှင်များကို ကူညီကာကွယ်ပေးမည်ဖြစ်ကြောင်းနှင့် ကပ်ရောဂါကာလအတွင်း ယင်းနည်းလမ်းကို အာမခံချက်ပေးရန် ပျက်ကွက်ခြင်းကသာ အမေရိကန်ပြည်သူ သန်းပေါင်းများစွာအတွက် မဲပေးပိုင်ခွင့် ရုပ်သိမ်းခံရရန် ရှိနေကြောင်း ဒီမိုကရက်များနှင့် မဲဆန္ဒရှင် အခွင့်အရေးအဖွဲ့များက ပြောခဲ့သည်။ 

အလားတူ စစ်တမ်းများအရ ဘိုင်ဒန် အသာစီးရနေခြင်းက ပိုမို စိတ်လှုပ်ရှားစရာ ကောင်းနေကြောင်း အချို့က ပြောသည်။ တချိန်တည်းမှာလည်း ဘိုင်ဒန် ရွေးကောက်ပွဲတွင် သက်တောင့်သက်သာ နိုင်မည်ဟု ရှုမြင်ခံထားချိန် ကိုဗစ်-၁၉ ကူးစက်မှုဖြစ်စဉ် တိုးပွားခြင်းကလည်း မဲဆန္ဒရှင်များကို မဲရုံများနှင့် ကင်းကွာစေသွားနိုင်သည့်အပေါ်ကိုလည်း ၎င်းတို့က စိုးရိမ်ပူပန်လျက် ရှိသည်။ 

ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် ယခုလို အချိန်ကလည်း ထိုစဉ်က ဒီမိုကရက်တစ် သမ္မတလောင်းဖြစ်ခဲ့သည့် ဟီလာရီ ကလင်တန်သည် အကြိုစစ်တမ်းများတွင် အသာရထားခဲ့သော်ငြား နောက်သုံးလအကြာ ရွေးကောက်ပွဲတွင် ရှုံးနိမ့်သွားခဲ့ရသည်။ ယင်းသည် နှစ် ၂၀ အတွင်း အာဖရိကန်-အမေရိကန် မဲပေးသူအရေအတွက်ပိုင်း ပထမဆုံးအကြိမ် ကျဆင်းခြင်းကြောင့်လည်း တစ်စိတ်တစ်ဒေသ သက်ဆိုင်နေခဲ့သည်။ 

မီဂျီဂန်ရှိ ဒီမိုကရက်တစ်ဦးဖြစ်သည့် ပတ်တီ လိုင်ဇယ်ကမူ သူမအနေဖြင့် လွန်ခဲ့သည့် လေးနှစ်အကြာက သူမတို့ ပြည်နယ်တွင် ထရမ့် ပွတ်သီးပွတ်ကာ အနိုင်ရခဲ့မှုအပေါ် လက်ရှိအချိန်အထိ စိတ်ဒဏ်ရာရနေဆဲဖြစ်ကြောင်းနှင့် ယခုတစ်ကြိမ်လည်း ထရမ့် ယင်းအတိုင်း ဆက်နိုင်သွားမည်ကို စိုးရိမ်နေကြောင်း ပြောသွားခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly