တွံတေးမြို့နယ်က လယ်မြေသိမ်းဆည်းခံတောင်သူတွေ လျော်ကြေးပြန်ရဖို့ မျော်လင့်နေ

တွံတေးမြို့နယ်က လယ်မြေသိမ်းဆည်းခံတောင်သူတွေ လျော်ကြေးပြန်ရဖို့ မျော်လင့်နေ
ဓာတ်ပုံ - သူရ / မဇ္ဈိမ

သြဂုတ် ၁၇ရက်

တွံတေးမြို့နယ်က ဒေသခံတောင်သူတွေဟာ ပြီးခဲ့တဲ့ နှစ်ပေါင်း ၄၀ ကျော်က သိမ်းဆည်းခံလိုက်ရတဲ့ လယ်ယာမြေတွေအတွက် လျော်ကြေးငွေရရှိဖို့ မျော်လင့်နေကြပါတယ်။

တွံတေးမြို့နယ် မြောက်ဘက်ခြမ်းမှာရှိတဲ့ ရွှေသူဌေးဒေသ၊ ရွှေမုယင်းဒေသနဲ့ ဒေသအခေါ် ကုဋေတစ်သန်းက လယ်မြေတွေကို ၁၉၇၆ ခုနှစ်မှာ တပ်ပိုင်မြေအဖြစ် သိမ်းဆည်းခံလိုက်ရတာပါ။

အဲဒီအချိန်တုန်းက ဘာအကြောင်းပြချက်မှ မပေးဘဲ တပ်မတော်နဲ့ အကျဉ်းဦးစီးဌာနက သိမ်းဆည်းလိုက်တာဖြစ်တယ်လို့ လယ်မြေသိမ်းဆည်းခံရတဲ့ ဒေသခံတောင်သူတွေက ပြောပါတယ်။

အခုလို သိမ်းဆည်းခံရတာနဲ့ ပတ်သက်ပြီး တွံတွေးမြို့နယ်က တောင်သူတွေဟာ ရန်ကုန်မြို့၊ကမာရွတ်မြို့ နယ်မှာ  ဩဂုတ်လ ၁၇ ရက်နေ့က သတင်းစာရှင်းလင်းပွဲ လာရောက်ပြုလုပ်ခဲ့ကြပါတယ်။

ရွှေသူဌေးဒေသ၊ ရွှေမုယင်းဒေသနဲ့ ကုဋေတစ်သန်း ဒေသက သိမ်းဆည်းခံခဲ့ရတဲ့ လယ်မြေဧက စုစုပေါင်းဟာ ငါးထောင်ကျော်လောက်ရှိတယ်လို့ဆိုပါတယ်။

ရွှေမုယင်းဒေသက လယ်မြေဧကတွေကိုစိစစ်ကာ တစ်ဧကကို သိန်း ၃၀ လျော်ကြေးပေးဖို့ သိမ်းဆည်းခံ လယ်ယာမြေများ ပြန်လည်စိစစ်ရေးကော်မတီက ၂၀၁၉ ခုနှစ်မှာ အမိန့်ကြော်ညာစာ ထုတ်ပြန်ခဲ့ပေမယ့် သက်ဆိုင်ရာဝန်ကြီးဌာနဘက်က အခုအချိန်ထိပေးအပ်တာမရှိသေးဘူးလို့ သိမ်းဆည်းခံတောင်သူတစ်ဦးဖြစ်တဲ့ ကိုဦးဆန်းဝင်းက ပြောပါတယ်။

ဓာတ်ပုံ - သူရ / မဇ္ဈိမ

“တပ်ရင်းကိုယ်တိုင်က ကျနော်ကို ထောက်ခံချက်ပေးထားတာ ရှိပါတယ်။ တပ်ကနေ ကျနော်လက်ထဲက သိမ်းသွားတာ မှန်ကန်တဲ့အကြောင်း ၂၀၁၆ မှာ တစ်ကြိမ် တပ်လက်မှတ်နဲ့ ကျနော်တို့ကို ပေးထားတာ ရှိတယ်။ အခုပြဿနာတွေ တက်လာတဲ့အချိန်မှာ တပ်ကနေ ထပ်ပြီးတော့ ထပ်စစ်ထောက်ခံချက်ဆိုပြီးတော့ ထုတ်ပေးထားတာ တစ်ကြိမ်ရှိတယ်။ တပ်တံဆိပ်တုံးလည်း ပါတယ်။ ဒါကျနော်ရဲ့ ထောက်ခံချက်ပဲ။” လို့ ကိုဦးဆန်းဝင်းက ပြေပါတယ်။

အခုသိမ်းဆည်းခံလယ်မြေတွေကို လုပ်ငန်းရှင်တွေက တပ်မတော်ဆီကနေ နှစ်ချုပ်နဲ့ ငှားရမ်းပြီးတော့ လယ်ယာစိုက်ပျိုးနေကြတာရှိသလို ငါးမွေးမြူရေးကန်တွေအဖြစ် တူးဖော်ပြီး လုပ်ကိုင်နေကြတာ ရှိတယ်လို့ တွံတွေးတို့မြေအဖွဲ့က အကြံပေးဖြစ်တဲ့ ကိုဇော်မင်းထက်က ပြောပါတယ်။

“လျော်ကြေးပေးသင့်တဲ့အတွက်ကြောင့် လျော်ကြေးနစ်နာကြေးတွေ တွက်ဆပြီးတော့ ပြန်တင်ပေးပါဆိုပြီး မြို့နယ်အဆင့်ထိ စာထွက်လိုက်တယ်။ မြို့နယ်ကနေ လျော်ကြေးတွက်ဆပြီးတော့ ပြန်တင်ပေးလိုက်တယ်။ ပြန်တင်ပေးလိုက်တော့ ဗဟိုမြေစစ်က ဝန်ကြီးဌာနရဲ့ သဘောထားကိုမေးပါဆိုပြီးတော့ ဝန်ကြီးဌာနကို သဘောထားလှမ်းမေးတယ်။ အဲတော့ဝန်ကြီးဌာနက မလျော်နိုင်ပါဘူးဆိုပြီးတော့ သဘောထားပြန်တယ်။ ဝန်ကြီးဌာနနဲ့ မြေစစ်မူဝါဒနဲ့ သဘောထားချင်း ပဋိက္ခဖြစ်တဲ့ သဘောပေါ့။ ” လို့ ကိုဇော်မင်းထက်က ပြောပါတယ်။

သိမ်းဆည်းခံရတဲ့ လယ်ယာမြေတွေကို ပြန်ရဖို့ ဦးသိန်းစိန်အစိုးရလက်ထက်နဲ့ ၂၀၁၅ ခုနှစ် NLD အစိုးရတက်လာပြီးနောက်ပိုင်း အကြိမ်ကြိမ်ကြိုးစားခဲ့ကြပေမယ့် လက်ရှိအချိန်ထိ လျော်ကြေးပေးတာမျိုး၊ လယ်မြေပြန်ပေးအပ်တာမျိုးတွေ မရှိသေးဘူးလို့လည်း ပြောပါတယ်။

အခုလယ်မြေ သိမ်းဆည်းခံရတဲ့ ရွှေသူဌေးဒေသ၊ ရွှေမုယင်းဒေသနဲ့ ကုဋေတစ်သန်း ဒေသက ကျေးရွာအုပ်စု ၆ ခုမှာ ကျေးရွာပေါင်း ၃၀ ကျော်ရှိပြီး ဒေသခံတောင်သူတွေကတော့ လယ်မြေပြန်ပေးတာမျိုး၊ လျော်ကြေးပေး တာမျိုးတွေ လုပ်ပေးဖို့ မျော်လင့်နေကြသလို လယ်ယာမြေ(သို့မဟုတ်) လျော်ကြေးငွေရရှိဖို့အတွက် ထပ်မံ ကြိုးစားသွားမယ်လို့ ပြောပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly