၁လနီးပါးကြာပြီးမှပြည်တွင်းကူးစက်သူပြန်တွေ့

သြဂုတ် ၁၇ရက်

COVID-19 ရောဂါကို ပြည်တွင်းကူးစက်မှု မတွေ့သည်မှာ ၁လနီးပါးကြာပြီးနောက် သြဂုတ် ၁၆ ရက်နေ့တွင် ရောဂါပိုးထိတွေ့သူရော ပြည်ပခရီးသွားရာဇဝင်မရှိဘဲစစ်တွေမြို့မှ ဘဏ်ဝန်ထမ်းအမျိုးသမီးတစ်ဦးထံတွင် ပြန်လည်တွေ့ရှိခဲ့သည်။

စစ်တွေမြို့နယ် ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်‌ဒေါက်တာဇော်လွင်က ‘ဒါက အားလုံးက အရေးကြီးတဲ့ အနေအထားကို ရောက်သွားပြီလို့ ပြောလို့ရတယ်။ ဘာလို့လဲဆိုတော့ ဒီဘဏ်ဝန်ထမ်းဖြစ်တဲ့အတွက် တစ်ဦးတစ်ယောက်ဆီ ကနေ ပါလာမယ်ပေါ့ ဒါကလည်း အားလုံးသိတဲ့အတိုင်းပဲ silent carrier(အသံတိတ်ရောဂါပိုးသယ်ဆောင်သူ)လည်း ဖြစ်နိုင်တယ်ပေါ့’ဟုပြောသည်။

ကျန်းမာရေးနှင့်အားကစားဝန်းကြီးဌာန၏ ဩဂုတ် ၁၆ရက် ညပိုင်းက ထုတ်ပြန်ခဲ့သည့်  Covid-19 အတည်ပြုလူနာအမှတ် ၃၇၅သည် CB ဘဏ် ဝန်ထမ်းတစ်ဦး ဖြစ်ပြီး ပြည်တွင်းရှိ မြို့သုံးခုသို့ လေကြောင်းဖြင့် အလုပ် ကိစ္စဖြင့် ခရီးသွားခဲ့သူဖြစ်သည်။

လူနာအမှတ် ၃၇၅ သည် ၃၁ရက်နေ့က CB ဘဏ်ဝန်ထမ်း ခြောက်ယောက် ၊ ဆေးကုမ္ပဏီဝန်ထမ်း နှစ်ယောက် နှင့်အတူ စစ်တွေကနေ ကျောက်ဖြူကို Air KBZလေကြောင်းလိုင်းဖြင့်ခရီးသွားခဲ့သည်။ကျောက်ဖြူမြို့တွင် မြနန်းတော် ဟိုတယ်မှာ တည်းပြီး ကျောက်ဖြူကနေ စစ်တွေကို  MNAလေကြောင်းလိုင်းဖြင့်ပြန်လာကာ သြဂုတ်လ၃ရက်နေ့မှာ ပုဏ္ဏားကျွန်းကိုခရီးဆက်ခဲ့ကြောင်းသိရသည်။

သြဂုတ် ၁၂ရက်နေ့တွင် COVID-19 ရောဂါလက္ခဏာများဖြစ်သည့် ဖျားခြင်း၊ နှာစေးခြင်း၊ ချောင်းဆိုးခြင်း၊ အနံ့မရခြင်း စသည့် လက္ခဏာများ ပြလာသည့်အတွက်  ၁၄ရက်နေ့တွင် စစ်တွေ ပြည်သူ့ဆေးရုံသို့ တက်ရောက်ခဲ့ပြီး ၁၅ရက်နေ့တွင် အာခေါင်တို့ဖတ်အားယူကာ ရန်ကုန်အမျိုးသားဓာတ်ခွဲဌာနသို့ ပို့ဆောင်ခဲ့ပြီး ၁၆ရက်နေ့တွင် ရောဂါပိုးတွေ့ရှိခဲ့ခြင်းဖြစ်သည်။

‘ကူးစက်မှုဟာ ပြည်သူထဲမှာရောက်နေပြီးတော့ ခုနပြောတဲ့ လက္ခဏာမပြဘဲနဲ့ silent carrier(အသံတိတ်ရောဂါပိုးသယ်ဆောင်သူ)အဖြစ်ရှိနေနိုင်တဲ့အတွက် ပြည်သူတွေအနေနဲ့ COVID-19 ကာကွယ်မှုလုပ်ငန်းတွေမှာ ကျန်းမာရေးဝန်ကြီးဌာနက ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို ပိုမိုပြီး လိုက်နာဖို့ လိုအပ်နေပြီလို့ ပြောရမယ့်အနေအထားဖြစ်ပါတယ်" ဟု ဆေးရုံအုပ် ဒေါက်တာဇော်လွင်က ဆိုသည်။

လူနာအမှတ် ၃၇၅နှင့် အနီးကပ်ထိတွေ့ခဲ့သူများမှာ မိသားစုဝင် လေးဦး၊ အိမ်ဌားမိသားစု သုံးဦး၊ ဘဏ်ဝန်ထမ်း ခြောက်ဦးနှင့် ဆေးကုမ္ပဏီဝန်ထမ်း နှစ်ဦး စုစုပေါင်း ၁၅ဦးရှိကြောင်းနှင့် ထိုသူတို့အား တိုင်းရင်းဆေးရုံနှင့် အ.ထ.က(၄)ကျောင်းတို့တွင် ကွာရန်တင်း ထားရှိပြီး တို့ဖတ်နမူနာများ ယူရန်လုပ်ဆောင်နေကြောင်း ဆေးရုံအုပ်ဒေါက်တာဇော်လွင်က ဆိုသည်။

လူနာအမှတ် ၃၇၅သည် စစ်တွေမြို့ ဓညဝတီ (ခ)ရပ်ကွက်တွင်နေထိုင်သူဖြစ်ပြီး ၎င်း၏ မိခင်သည် ဆေးရုံသို့အတူလိုက်ပါသောကြောင့် သံသယလူနာအဖြစ်ထားရှိပြီး အိမ်ဌားမိသားစုထဲမှ (၃)နှစ်သားကလေးသည် သြဂုတ် ၁၃ရက်နေ့ကစပြီး ဖျားနေသောကြောင့် သံသယလူနာအဖြစ် ဆေးရုံမှာ ထားရှိထားကြောင်း သိရသည်။  

ပြည်ပခရီးသွားရာဇဝင်မရှိဘဲ ပြည်တွင်းတွင် COVID-19 ရောဂါပိုးကူးစက်သူတွေ့ရှိခဲ့သည်မှာ ဇူလိုင် ၁၇ရက်နေ့က နောက်ဆုံးဖြစ်ပြီး တစ်လနီးပါးအကြာတွင် ယခုကဲ့သို့ ပြည်တွင်းကူးစက်ခံရသည့် လူနာသစ်တစ်ဦးထပ်မံ တွေ့ရှိခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် သြဂုတ် ၁၆ရက် ညပိုင်းအထိ COVID-19 အတည်ပြုလူနာ ၃၇၅ဦး၊ သေဆုံးသူ ခြောက်ဦးနှင့် ရောဂါပိုးကင်းစင်၍ ပြန်လည်ကောင်းမွန်လာသူ ၃၂၉ဦးရှိပြီး ၎င်းတို့အနက် ၃၂၁ဦးသည် ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီး ဖြစ်ကာ သတ်မှတ်နေရာ များတွင် အသွားအလာ ဆက်လက်ကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။        

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly