ဘေရွတ်ပေါက်ကွဲမှု မည်မျှအားပြင်းသနည်း

ဘေရွတ်ပေါက်ကွဲမှု မည်မျှအားပြင်းသနည်း

ဩဂုတ် ၁၅

ဘေရွတ်ပေါက်ကွဲမှုသည် သမားရိုးကျဗုံးထက်သာကာ နျူကလီးယားဗုံးလောက်အားမပြင်းဘဲ နျူကလီးယားမဟုတ်သည့် အကြီးမားဆုံးပေါက်ကွဲမှုတစ်ခုဖြစ်နိုင်ကြောင်း ဖောက်ခွဲရေးပစ္စည်းများရှင်းလင်းမှုဝန်ဆောင် မှုပေးသည့် ဗြိတိန်ကုမ္ပဏီ Alford Technologies မှ မန်နေဂျင်းဒါရိုက်တာ Roland Alford က ပြောသည်။

ဘေရွတ်ပေါက်ကွဲမှုပြင်းအားသည် တန် ၂၀၀ မှ ၃၀၀ အကြား ရှိသည်ဟု ပညာရှင်များက ခန့်မှန်းကြသည်။ ၁၉၉၅ ခုနှစ်ကဖြစ်ပွားခဲ့သော အိုကလာဟိုးမားဗုံးပေါက်ကွဲမှုသည် TNT ယမ်းပြင်းအား ၂.၅ တန်ရှိပြီး လူပေါင်း ၁၆၈ ဦးကိုသေဆုံးစေခဲ့သည်။ ၁၉၈၆ ခုနှစ် ချာနိုဘိုင်ဓာတ်ပေါင်းဖိုပေါက်ကွဲမှုသည် ပြင်းအား ၁၀ တန်ရှိသည်။ ၂၀၀၁ ခုနှစ်က ပြင်သစ်နိုင်ငံ Toulouse ရှိ ဓာတ်မြေဩဇာစက်ရုံတွင် အမိုနီယမ်နိုက်ထရိတ်ပေါက်ကွဲမှုသည် ပြင်းအား တန် ၄၀ ရှိပြီး လူပေါင်း ၃၁ ဦးသေဆုံးကာ ၂ ၅၀၀ ဦး ဒဏ်ရာရရှိခဲ့သည်။  

ဘေရွတ်ပေါက်ကွဲမှုကြောင့် မိုင် ၁၀၀ ( ၁၆၀ ကီလိုမီတာ) အဝေးရှိ မြေထဲပင်လယ်ကျွန်းနိုင်ငံ ဆိုက်ပရပ်စ်ရှိ အဆောက်အအုံများပင် တုန်ခါသွားခဲ့သည်။  

မြေငလျင်တိုင်းတာရေးအချက်အလက်များအရ အဓိကပေါက်ကွဲမှုကြီးမဖြစ်မီ ပေါက်ကွဲမှုငယ်ပေါင်း ခြောက်ကြိမ်ဖြစ်ခဲ့ပြီး နောက်ဆုံးပေါက်ကွဲမှုတွင် ယမ်းများလောင်ကျွမ်းရာမှ အမိုနီယမ်နိုက်ထရိတ်အပြည့်သိုလှောင်ထား သော ကုန်လှောင်ရုံကို စတင်ပေါက်ကွဲစေခဲ့ဟန်ရှိသည်ဟု အစ္စရေးမှ လေ့လာဆန်းစစ်သူတစ်ဦးက ကြာသပတေးနေ့တွင် ပြောသည်။

ဩဂုတ် ၄ ရက်ပေါက်ကွဲမှု၏ ပထမ ပေါက်ကွဲမှုခြောက်ခုသည် ၁၁ စက္ကန့်စီခြားခဲ့ပြီး နောက်ဆုံးပေါက်ကွဲမှုသည် ၄၃ စက္ကန့်အကြာခန့်တွင် ဖြစ်ပွားခဲ့သည်ဟု အစ္စရေး လုံခြုံရေးနှင့်ထောက်လှမ်းရေးအဖွဲ့ Tamar Group ၏အကြီးအကဲ Boaz Hayoun က Reuters ကိုပြောသည်။ အစ္စရေးတွင် ဖောက်ခွဲရေးပစ္စည်းအသုံးပြုမှုဆိုင်ရာလုံခြုံရေးအတွက် ကြီးကြပ်နေသော စစ်အင်ဂျင်နီယာဟောင်းတစ်ဦးဖြစ်သူ Hayoun က ၎င်း၏ လေ့လာ ဆန်းစစ်မှုသည် ဒေသတစ်လွှားရှိ ငလျင်တိုင်းတာသည့် အာရုံခံကိရိယာများမှ အချက်အလက်များကို အခြေခံထားသည်ဟု ဆိုသည်။

ပေါက်ကွဲမှုဖြစ်ရခြင်းအကြောင်းအရင်းကို ယတိပြတ်မပြောနိုင်သော်လည်း ထိုပေါက်ကွဲမှုများသည် တစ်နေရာတည်းတွင် ဖြစ်ပွားခဲ့သည်ဟု Hayoun က ရိုက်တာသတင်းဌာနကို ပြောသည်။ Hayoun ကိုးကားပြောဆိုသည့် အာရုံခံကိရိယာများတွင် နိုင်ငံတကာဘူမိဗေဒဆိုင်ရာ စီမံကိန်း (IRIS) အရ လက်ဘနွန်ကမ်းလွန် ၇၀ ကီလိုမီတာ (၄၃) မိုင်တွင် တပ်ဆင်ထားသည့် ကိရိယာများလည်းပါဝင်သည်။  

“ပေါက်ကွဲမှုအသေးစားလေးတွေက ပေါက်ကွဲမှုအကြီးကြီးနဲ့ ဆက်စပ်နေတယ်ဆိုတာ ကျွန်တော်မယုံကြည်ပါဘူး ။ ငလျင်တိုင်းတာရေးလေ့လာမှုကဟာတွေလည်း ဖြစ်နိုင်ပါတယ်” ဟု IRIS အချက်အလက်ဆိုင်ရာဝန်ဆောင်မှု ဒါရိုက်တာ Jerry Carter က ရိုက်တာကိုပြောသည်။  

လူပေါင်း ၁၇၂ ဦးကို သေစေခဲ့ပြီး မြို့တော်၏နေရာအများအပြားကို ပျက်စီးစေခဲ့သည့် ပေါက်ကွဲမှုကို လက်ဘနွန်ပြည်သူများက ပြစ်တင်ရှုတ်ချခဲ့ကြသည်။ ဘေရွတ်ပေါက်ကွဲမှုက ဗုံးကဲ့သို့သော ပြင်ပနှောင့်ယှက်မှုကြောင့်လား၊ ပေါ့ဆမှု သို့မဟုတ် မတော်တဆဖြစ်ရပ်လားဆိုသည်ကို စုံစမ်းစစ်ဆေးသွားမည်ဟု သမ္မတ Michel Aoun က ပြောသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly