ဘေရွတ်ပေါက်ကွဲမှု နောက်ကွယ်မှာ အစ္စရေး ဖြစ်ခဲ့လျှင် ဟဇ်ဘိုလာက လက်တုံ့ပြန်မည်

ဘေရွတ်ပေါက်ကွဲမှု နောက်ကွယ်မှာ အစ္စရေး ဖြစ်ခဲ့လျှင် ဟဇ်ဘိုလာက လက်တုံ့ပြန်မည်

ဩဂုတ် ၁၅

ဘေရွတ်ဆိပ်ကမ်း ပေါက်ကွဲမှုကြီးနှင့် ပတ်သက်သော စုံစမ်းစစ်ဆေးမှု ရလဒ်ကို ဟဇ်ဘိုလာအဖွဲ့က စောင့်ကြည့်နေကြောင်း ခေါင်းဆောင်ဖြစ်သူ ဆေယက်ဟာဆန်နက်စ်ရယ်လက်ရှ်က သောကြာနေ့တွင် ပြောသည်။  

သို့သော် စုံစမ်းစစ်ဆေးမှု ရလဒ်တွင် အစ္စရေး၏ အဖျက်အမှောင့်ကြောင့်ဖြစ်ကြောင့် ထွက်ပေါ်ခဲ့ပါက တူသော တန်ဖိုးပေးရမည်ဟု ၎င်းက သတိပေးပြောဆိုသည်။  

စုံစမ်းစစ်ဆေးမှု သီအိုရီနှစ်ရပ်အရ အမိုနီယံနိုက်ထရိုက် သိုလှောင်ရုံ ပေါက်ကွဲမှု ဖြစ်ရခြင်းသည် ပေါ့ဆမှု သို့မဟုတ် အဖျက်အမှောင့်ကြောင့် ဖြစ်နိုင်သည်ဟု ရုပ်သံမိန့်ခွန်း၌ အီရန်ကျောထောက်နောက်ခံသော အာဏာပြင်းသည့် ရှီယိုက်မွတ်စလင်အဖွဲ့ ဟဇ်ဘိုလာ၏ ခေါင်းဆောင်က ပြောသည်။  

လူပေါင်း ၁၇၂ ဦး သေဆုံးကာ ဒဏ်ရာရသူ ၆၀၀၀ ကျော်ပြီး မြို့အနှံ့ ပျက်စီးထိခိုက်မှု ကြီးကြီးမားမား ဖြစ်ပြီး လူ သုံးသိန်းကျော် အိုးအိမ်မဲ့ခဲ့ရသော ဩဂုတ် ၄ ရက်က ဖြစ်ပွားသည့် အဆိုပါ ပေါက်ကွဲမှုကြီးတွင် မည်သည့် ပါဝင်ပတ်သက်မှုမျှ မရှိကြောင်း အစ္စရေးက ငြင်းဆန်ထားသည်။  

စုံစမ်းစစ်ဆေးသူများက ယင်း ပေါက်ကွဲမှုကြီးသည် ပေါ့ဆမှု၊ မတော်တဆမှု သို့မဟုတ် ပြည်ပနှောင့်ယှက်မှုကြောင့် ဖြစ်ရခြင်းလားဆိုသည်ကို စုံစမ်းစစ်ဆေးလျက် ရှိသည်ဟု လက်ဘနွန်သမ္မတက ဆိုသည်။  

ဖြစ်နိုင်သည့် အဖျက်အမှောင့် လုပ်ဆောင်ချက်များတွင် တမင် မီးရှို့ခြင်း သို့မဟုတ် အသေးစားဗုံး ထောင်ဖောက်ခွဲခြင်းများကလည်း ဖြစ်နိုင်ခြေရှိသည်ဟု နက်စ်ရယ်လက်ရှ်က ပြောခဲ့သည်။  

“အဖျက်အမှောင့် လုပ်ရပ်မှာ ဘယ်သူတွေ ပါနေလဲ။ အစ္စရေး လက်ချက်လည်း ဖြစ်နိုင်တယ်။ ဒါကိုတော့ ဘယ်သူမှ ငြင်းနိုင်မှာ မဟုတ်ဘူး။”လို့ ၎င်းက ပြောခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly