တောင်သူ ၂၁ ဦးကို ပြစ်ဒဏ်တိုးစေရေး တင်ပြထားမှုကို ကယား ပြည်နယ်တရားရုံးတော်က ပလပ်

တောင်သူ ၂၁ ဦးကို ပြစ်ဒဏ်တိုးစေရေး တင်ပြထားမှုကို ကယား ပြည်နယ်တရားရုံးတော်က ပလပ်
Photo Creadit - ကယားပြည်နယ် တရားလွှတ်တော်ရုံး ရှေ့တွင် ကရင်နီ တောင်သူများကို တွေ့မြင်ရစဉ်။

ဩဂုတ်လ ၁၄ ရက်၊ ၂၀၂၀

ကယားပြည်နယ်ရှိ တောင်သူများနှင့် အကျိုးဆောင်သူများပါဝင်သော စုစုပေါင်း ဒေသခံ ၂၁ ဦးကို တပ်မတော်က စွဲဆိုထားသည့်အမှုဖြစ်သော ထပ်တိုး ပြစ်ဒဏ်များ ချမှတ်ပေးရန်  လျှောက်ထားသည့် အမှုအားလုံးကို  ကယားပြည်နယ် တရား လွှတ် တော် ရုံးက ယနေ့ သောကြာနေ့တွင် ပလပ် ( ပယ်ချ ) လိုက်ကြောင်း တောင်သူများဘက်က အမှုကို လိုက်လံဆောင် ရွက်ပေးနေသူ ရှေ့နေ ခူးတလေပိုးရယ်က ပြောသည်။

“ ပြည်နယ် တရားလွှတ်တော် တရားသူကြီးကတော့ ဒီအမှုတွေ အားလုံးကို မူလရုံးက ချမှတ်တဲ့ အမိန့် က လျှော်ကန် သင့်မြတ်တယ်။ ပြီးတော့မှ ပြင်ဆင်မှုကြားနာတဲ့ ရုံးတစ်ရုံး အနေနဲ့ ဒီအကြောင်း အရာနဲ့ ပတ်သက်ပြီး လုံးဝ တရားမျှတမှု ကင်းမဲ့ပြီး ကွာခြား နေတာ မျိုးတွေ မဟုတ်သေးဘူး။ စွဲဖို့ မသင့်ဘူး ဆိုပြီးမှ တရားသူကြီးက ဒီသုံးသပ်ချက်နဲ့ ဒီအမှု အားလုံးကိုပလပ်လိုက်တာ” လို့ ပြောသည်။

ကရင်နီ တောင်သူများကို ပုဒ်မ ၄၄ရ၊ ပုဒ်မ ၂၉၄၊ ၃၅၃၊ ၄၂၇ အပြင် ပြည်သူပိုင် ပစ္စည်း ကာကွယ် စောင့် ရှောက်ရေး ဥပဒေ ပုဒ်မ ၆(၁) တို့ဖြင့် ၂၀၁၉ ခုနှစ်က အမှုတွဲ သီးခြားစီ တရားစွဲဆိုခံရပြီး ၂၀၂၀ ခုနှစ် မတ်လ ၁၃ ရက်နေ့တွင် လွိုင်ကော်မြို့နယ် တရား ရုံးက ပုဒ်မအလိုက် ဒဏ်ငွေကျပ် ၂၀၀၀၀ စီနှင့်ချုပ် ရက်ထုတ်နုတ်ခံစားခွင့်ပြုကာ ထောင်ဒဏ် ခြောက်လ ချမှတ်ခဲ့သည်။

  တောင်သူများနှင့် အကျိုးဆောင်များအပေါ် ချမှတ်ခဲ့သည့် ပြစ်ဒဏ်များသည် နည်းနေဟုဆိုကာ လွိုင် ကော် အခြေ စိုက် အမြောက်တပ် ၃၅၆ တပ်ရင်းနှင့် ခြေလျင်တပ်ရင်း ( ခလရ ) ၂၅၀ တပ် မှ တပ်မတော် သားများက ထပ်မံ၍ တရားလိုပြုလုပ်ကာ  ကရင်နီပြည် တောင်သူ လယ်သမား သမဂ္ဂ အဖွဲ့ဝင်များ ဖြစ်သည့် ခွန်း ဘွယ်မူး၊ ခွန်းကောရီယို၊ ခွန်းမောင်လွင်နှင့် တောင်သူ ၁၈ ဦးတို့ကိုပြစ်ဒဏ်ထပ် တိုးပေးရန် တရားရုံးသို့ ပြန်လည် လျှောက်ထားခဲ့ခြင်း ဖြစ်သည်။

မူလ တရားစွဲဆိုသော တပ်မတော်အရာရှိများသည် လွိုင်ကော်ခရိုင်တရားရုံးကို လျှောက်ထားခဲ့ရာ  ခရိုင်တရားရုံးက ပလပ်ခဲ့သည်။ ထို့ကြောင့် ပြည်နယ်တရားလွှတ်တော်ကို ဆက်တက်ခဲ့သော အမှုဖြစ်သည်။

“ ဒီအမှုက သက်သက် မက်မက် ကျနော်တို့ရဲ့အခွင့်အရေး၊ ကျနော်တို့ရဲ့ ရပိုင်ခွင့်တွေ၊ ကျနော် တို့ကို သက်သက်မဲ့ ဖိနှိပ်တဲ့အမှုလို့ပဲ ကျနော်တို့ မြင်တယ်” လို့ တရားစွဲဆိုခံရသူများတွင် ပါဝင်သူ တောင်သူ လယ်သမားသမဂ္ဂ အဖွဲ့ဝင် ခွန်းဘွယ်မူးက ပြောသည်။

အဆိုပါ တရားစွဲဆိုခံရသည့် တောင်သူလယ်သမားများဟာ လယ်ယာမြေများ ပြည်လည် လုပ်ကိုင်ခွင့် မရသည့်အတွက် မိသားစု စားဝတ်နေရေး အခက်အခဲတွေ ကြုံတွေ့ရနိုင်ကြောင်း တရားစွဲဆိုခံရသူ ဦးရယ်က ပြောဆိုသည်။

“ အခုလို အမှုကို ပလပ်ပေးလိုက် တော့ ကျေးဇူး တင်ပါတယ်။ ဒီလိုပလပ်ပေးလိုက်တော့လည်း ရင်ထဲက အလုံးကြီး ကျသွားတာပေါ့”လို့ ပြောသည်။

ကယားပြည်နယ်၊ လွိုင်ကော်နဲ့ ဒီးမော့ဆိုမြို့နယ်မှာ ၂၀၁၉ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့် မြေယာအငြင်း ပွားမှုတွင် မြန်မာ့ တပ်မတော်မှ  တရားစွဲဆိုခံရသူ ကရင်နီ တောင်သူ ၄၁ ဦးအထိ ရှိခဲ့ကြောင်း သိရ သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly