ကျောက်တော်နှင့် ပလက်ဝ မှ စစ်ရှောင်တစ်ထောင်ကျော် စစ်တွေမြို့ကို ပြောင်းရွှေ့

ကျောက်တော်နှင့် ပလက်ဝ မှ စစ်ရှောင်တစ်ထောင်ကျော် စစ်တွေမြို့ကို ပြောင်းရွှေ့

သြဂုတ် ၁၁

ကျောက်တော်ရှိစစ်ဘေးရှောင်စခန်းများတွင်  လူနေများပြားလာပြီး ၀င်ရောက်နေထိုင်နိုင်ရေး အခက်အခဲရှိ‌ေန‌သောကြောင့်  စစ်တွေမြို့ရှိ ဒုက္ခသည်စခန်းများသို့ ပြောင်းရွှေ့နေကြသည့် စစ်ရှောင်တစ်ထောင်ကျော်ရှိလာ‌ကြောင်း သိရသည်။

ချင်းပြည်နယ်၊ ပလက်၀မြို့နှင့် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့အနီးပတ်၀န်းကျင်ရှိ ကျေးရွာများမှ စစ်ဘေးရှောင်လာရောက်သူများမှာ စစ်ဘေးရှောင်စခန်းအနည်းငယ်သာရှိသည့် ကျောက်တော်တွင် နေထိုင်နိုင်ရေး အခက်အခဲအမျိုးမျိုးရှိနေသောကြောင့် စစ်တွေမြို့သို့ ပြောင်းရွှေ့ကြခြင်း ဖြစ်ကြောင်း ရခိုင်ပြည်နယ်၊ ကျောက်တော်မဲဆန္ဒနယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်သန်းစိန်က မဇ္ဈိမကို ပြောသည်။

 “တိုက်ပွဲတွေဘာတွေဖြစ်လို့ သူတို့ ပလက်ဝကနေ ကျောက်တော်ကို ခြေလျင်လာကြတယ်။ အဲ့လိုလာပြီးတော့ ကျောက်တော်တိုက်ပွဲရှောင်စခန်းတွေမှာ ဝင်မလို့ လုပ်တယ်။ ဒါပေမယ့် ကျောက်တော်မှာ အစိုးရက တရားဝင်ဖွင့်ထားတဲ့ စစ်ဘေးရှောင်စခန်းက တစ်ခုပဲရှိတယ်။ အဲ့ဒီမှာ လူတွေ ကြပ်ပိတ်ပြီးရှိတယ်။ အဲ့ဒါကြောင့် ရောဂါကတစ်မျိုး၊ စားဝတ်နေရေးက တစ်မျိုး အခက်အခဲတွေ အများကြီးကြုံတယ်” ဟု ၎င်းကပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လလယ်လောက်မှစ၍ စစ်တွေမြို့သို့ ပြောင်းရွှေ့လာနေကြရာ လက်ရှိအချိန်အထိလည်း ပြောင်းရွှေ့လာရောက်နေသူများလည်းရှိနေဆဲ ဖြစ်ကြောင်း သိရသည်။

ကျောက်တော်မြို့တွင် စစ်ဘေးရှောင်များအတွက်လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့မိမြို့ဖများပူးပေါင်းပြီး နေရာချထားပေးခဲ့သည့် စာသင်ကျောင်းများမှာလည်း မကြာမီ ပြန်လည် ဖွင့်လှစ်ရတော့မည်ဖြစ်သောကြောင့် နေစရာအခက်အခဲရှိနေသူများလည်း ရှိသည်။

စာသင်ကျောင်းရှိ စစ်ဘေးရှောင်စခန်းများအစား နေရာအသစ်စီစဉ်ပေးရာတွင် နေရာမရသူများ၊ နေရာအသစ်တွင် အဆင်မပြေသူများသည်လည်း စစ်တွေမြို့ရှိ ဒုက္ခသည်စခန်းများ၊ ဘုန်းကြီးကျောင်းများသို့ ပြောင်းရွှေ့လာနေကြသည်။

ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး REC မှ အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းက “ကျောက်တော်မှာကျတော့ဗျာ။ မြို့ကလည်း ငယ်တယ်။ Camp (စစ်ဘေးရှောင်စခန်း) တွေကလည်း အနည်းငယ်ကျဉ်းကြပ်တယ်။ နောက်အလုပ်အကိုင်အခွင့်အလမ်းကလည်း အခက်အခဲရှိတဲ့ အခါကျတော့၊ နောက် အထောက်အပံ့တွေကလည်း မရောက်တဲ့အခါကျတော့ ဒီလိုအခြေအနေတွေ ဖြစ်နေတဲ့ အတွက်ကြောင့် စစ်တွေမှာဆိုရင် ဒီအခက်အခဲတွေ ပြေလည်နိုင်တယ်ဆိုပြီး စစ်တွေကို ပြောင်းရွှေ့လာကြတာပါ” ဟု ပြောသည်။

ရခိုင်ပြည်နယ်တွင် စစ်ဘေးရှောင် ၂ သိန်းနီးပါးရှိနေကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး REC၏  ဇူလိုင်လ ၇ ရက်နေ့အထိ ထုတ်ပြန်ချက်အရသိရသည်။ 

ရခိုင်ပြည်နယ်တွင် စစ်ဘေးရှောင်စခန်းစုစုပေါင်း ၁၅၀ ၀န်းကျင်ရှိနေပြီး ရခိုင်ပြည်နယ်၏မြို့တော် စစ်တွေတွင် စစ်ဘေးရှောင်စခန်းစုစုပေါင်း ၃ဝ ရှိနေကြောင်းလည်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး REC မှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly