ဘေရွတ်ဆိပ်ကမ်းပေါက်ကွဲမှု အနည်းဆုံး လူ ၁၃၅ ဦးသေဆုံး ၅ ၀၀၀ ကျော်ဒဏ်ရာရ

ဘေရွတ်ဆိပ်ကမ်းပေါက်ကွဲမှု အနည်းဆုံး လူ ၁၃၅ ဦးသေဆုံး ၅ ၀၀၀ ကျော်ဒဏ်ရာရ

ဩဂုတ် ၆  

ဩဂုတ်လ ၄ ရက်က လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့ ဆိပ်ကမ်းရှိ သိုလှောင်ရုံပေါက်ကွဲမှုကြောင့် လူပေါင်းအနည်းဆုံး ၁၃၅ ဦး သေဆုံးခဲ့ပြီး ၅ ၀၀၀ ထက်မနည်း ဒဏ်ရာရရှိခဲ့ကာ ပျောက်ဆုံးနေသူ အများအပြားရှိသည်။  ဝန်ကြီးချုပ် Hassan Diab က ကြာသပတေးနေ့မှစ၍ အောက်မေ့ဖွယ်နေ့ သုံးရက်သတ်မှတ်ရန် ကြေညာခဲ့သည်။  

အဆိုပါပေါက်ကွဲမှုကြောင့် လူနေအဆောက်အအုံများစွာပျက်စီးခဲ့ပြီး လူပေါင်း ၂၅၀ ၀၀၀ ခန့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်ဟု အာဏာပို်ငများကပြောသည်။  ဆိပ်ကမ်း၌ ပြင်းအားများသည့် ပေါက်ကွဲစေတတ်သော ပစ္စည်းများကို အန္တရာယ်မကင်းသည့်အခြေအနေဖြင့် နှစ်ပေါင်း များစွာသိုလှောင်ထားမှုအပေါ် တာဝန်ရှိသူများက အပြင်းအထန် ပြစ်တင်ဝေဖန်ခဲ့ကြပြီး သေဆုံးသူဦးရေမှာလည်း မြင့်တက်လာနိုင်ဖွယ်ရှိသည်ဟု ဆိုသည်။  

အဆိုပါသိုလှောင်ရုံ၌ ဖမ်းဆီးရမိထားသည့် ဗုံးနှင့်ဓာတ်မြေဩဇာတို့တွင်သုံးသော အမိုနီယမ်နိုက်ထရိတ် ၂ ၇၅၀ တန် ဝန်းကျင်ခန့်ကို သိမ်းဆည်းသိုလှောင်ထားသည်မှာ ခြောက်နှစ်မျှရှိပြီဟု သိရသည်။ အဆိုပါပစ္စည်းများကို သိုလှောင်ထိန်းသိမ်းထားသော ဆိပ်ကမ်းတာဝန်ရှိသူများကို နေအိမ်အကျယ်ချုပ်ဖြင့်ထားရန် အစိုးရက ညွှန်ကြားထားသည်။  

ပေါက်ကွဲမှုကိုဖြစ်စေခဲ့သော ကနဦးမီးလောင်မှု၏ အကြောင်းရင်းကို အတည်ပြုနိုင်ခြင်းမရှိသေးဘဲ လုံခြုံရေးနှင့် ဒေသမီဒီယာများ၏အဆိုအရ ဂဟေဆော်ရာမှ မီးလောင်မှုစတင်ဖြစ်ပွားခဲ့ကြောင်းသိရသည်။    သေဆုံးသူအများစုမှာ ဆိပ်ကမ်းနှင့်အကောက်ခွန်ဝန်ထမ်းများဖြစ်ကြပြီး ရုံးဆင်းချိန်၌ အနီးအနား လုပ်ငန်းခွင်ဝန်းကျင်နှင့် ကားမောင်းသွားလာနေသူများလည်း ပါဝင်ကြောင်းသိရသည်။  

အာရပ်နိုင်ငံများက ဆေးပစ္စည်းနှင့်အခြားထောက်ပံ့ရေးပစ္စည်းများတင်ဆောင်ထားသော လေယာဉ်များစေလွှတ်ခဲ့ပြီး လက်ဘနွန်နိုင်ငံအားကူညီခဲ့သည်။ တူရကီက ဆေး၊ ကယ်ဆယ်ရေးထောက်ပံ့ပစ္စည်းများနှင့် ဆရာဝန် ၂၀ ဦးစေလွှတ်ခဲ့သည်။ အီရန်ကလည်း အစားအသောက်နှင့် လဟာပြင်ဆေးကုသဆောင် စီစဉ်ပေးမည်ဖြစ်ကာ လောင်စာစီထောက်ပံ့ရန် ကတိပြုခဲ့သည်။  

လက်ဘနွန်နိုင်ငံအတွင်း နိုင်ငံရေးနှင့်စီးပွားရေးပြုပြင်ပြောင်းလဲရန် တွန်းအားပေးနေသော အမေရိကန်၊ ဗြိတိန်နှင့်အနောက်နိုင်ငံများကလည်း အကူအညီများပေးခဲ့သလို ဂျာမနီ၊ နယ်သာလန်၊ ဆိုက်ပရပ်စ်နှင့် ပြင်သစ်တို့ကလည်း အထူးရှာဖွေကယ်ဆယ်ရေးအသင်းအဖွဲ့များ စေလွှတ်ရန် ကမ်းလှမ်းခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly