အခန်းကျဉ်းထဲ၌ လက်ထိတ်ခတ် ထိန်းသိမ်းခံထားရသည့် ဝီဂါမော်ဒယ်

အခန်းကျဉ်းထဲ၌ လက်ထိတ်ခတ် ထိန်းသိမ်းခံထားရသည့် ဝီဂါမော်ဒယ်

 ဩဂုတ် ၅

 အွန်လိုင်းရှော့ပင်းလုပ်ငန်း Taobao ၏ အဝတ်အထည်များအတွက် စံပြမော်ဒယ်အဖြစ် ကြော်ငြာဗီဒီယိုများရိုက်ကူးပေးသည့် အသက် ၃၁ နှစ်အရွယ် ဝီဂါမွတ်စလင်တစ်ဦးဖြစ်သည့် Merdan Ghappar သည် အခန်းငယ်တစ်ခုအတွင်းတွင် ကုတင်နှင့်တွဲလျက် လက်ထိတ်ခတ်ခံထားရသည့် ဗီဒီယိုတစ်ခုထွက်ပေါ်လာခဲ့သည်။   Ghappar သည် သံဆန်ကာကွက် ပြတင်းပေါက်များကာရံထားသည့်အခန်းတစ်ခုအတွင်းတွင် ညစ်ပေနေသော အဝတ်အစားဝတ်လျက် ခြေကျင်းဝတ်များလည်း ဖောရောင်နေကာ ဘယ်ဘက်လက်မှာလည်း ကုတင်သံဘောင်နှင့် လက်ထိတ်ခတ် တွဲချည်ခံထားရသည်။ ၎င်းကိုယ်တိုင် ရိုက်ကူးထားသည့် ဗီဒီယိုဖိုင်နှင့် စာသားမက်ဆေ့ချ် အများအပြားကို လုံခြုံရေးတင်းကျပ်သည့် ထိန်းသိမ်းရေးစခန်းမှ ရှားရှားပါးပါး တိုက်ရိုက်ပေးပို့ခြင်းကို ဘီဘီစီက လက်ခံရရှိခဲ့ခြင်းဖြစ်သည်။  

တရုတ်နိုင်ငံ၏အနောက်ပိုင်း ရှင်ကျန်းဒေသတွင် ခွဲထွက်ရေးဝါဒ၊ အကြမ်းဖက်မှုဝါဒနှင့် အစွန်းရောက်ဝါဒ စသည်တို့ဖြင့် တရုတ်တို့အား ဆန့်ကျင်တိုက်ခိုက်ခဲ့မှု၏ အကျိုးသက်ရောက်မှုကို မှတ်တမ်းတင်ထားသော သက်သေတစ်ခု ထပ်တိုးမှုပင်ဖြစ်သည်။   ပြီးခဲ့သည့် ခုနစ်နှစ်အတွင်း ရှင်ကျန်းရှိ လုံခြုံရေးတင်းကျပ်သောစခန်းများတွင် ဝီဂါမွတ်စလင်နှင့်တခြားလူနည်းစု တိုင်းရင်းသား တစ်သန်းကျော် အတင်းအဓမ္မထိန်းသိမ်းခြင်းခံခဲ့ရပြီး တရုတ်က အစွန်းရောက်ဝါဒဆန့်ကျင်ရေးအတွက် လေ့ကျင့်ရေးကျောင်းဖြစ်ကြောင်း အခိုင်အမာပြောဆိုခဲ့သည်။  

ကလေးငယ်ထောင်ပေါင်းများစွာ မိဘများနှင့် ခွဲနေကြရပြီး မကြာသေးမီက သုတေသနအချက်အလက်များအရ အမျိုးသမီးများကိုလည်းသန္ဓေတားဆီးမှုများ အတင်းအကျပ်လုပ်ဆောင်နေကြောင်းသိရသည်။  Ghappar ၏ ၄ မိနစ်နှင့် ၃၈ စက္ကန့် ကြာမြင့်သည့် ၎င်းကိုယ်တိုင်ရိုက်ကူးထားသော ဗီဒီယိုဖိုင်ကြောင့် ဖိအားနှင့်ပြစ်ဒဏ် ပိုမိုတိုးလာစေနိုင်သည်ဟု  ငါးလကြာအဆက်အသွယ်ပြတ်နေသည့် မိသားစုဝင်များက သိနားလည်ထားကြသည်။ သို့သော် ဝီဂါမျိုးနွယ်များ၏ အတိဒုက္ခနှင့် Ghappar ၏ ကိစ္စကို မီးမောင်းထိုးပြရန် ၎င်းဗီဒီယိုဖိုင်က နောက်ဆုံးမျှော်လင့်ချက်ဖြစ်သည်ဟု ဆိုသည်။

Ghappar သည် ၂၀၀၉ ခုနှစ်က တခြားဝီဂါမျိုးနွယ်များကဲ့သို့ပင် တရုတ်ပြည်အရှေ့ပိုင်းရှိ ချမ်းသာကြွယ်ဝသောမြို့ကြီးများ၌ အလုပ်အကိုင်အခွင့်အလမ်းရှာရန် ရှင်ကျန်းမှ ထွက်သွားခဲ့သည်။ ရှင်ကျန်းအနုပညာ တက္ကသိုလ်၌ အကပညာသင်ယူပြီးနောက် dancer အဖြစ် စတင်အလုပ်လုပ်ခဲ့ပြီး နောက်နှစ်အနည်းငယ် အကြာတွင် Foshan မြို့၌ မော်ဒယ်လုပ်ခဲ့သည်။ Ghappar သည် တစ်နေ့လျှင် တရုတ်ရမ်မင်ဘီ ၁၀ ၀၀၀ (ပေါင် ၁၀၀၀ ) ဝင်ငွေရှိသည်ဟု သူငယ်ချင်းများက ပြောသည်။  တာကစ်ဘာသာစကားပြောဆိုမှု၊ အစ္စလာမ်ဘာသာယုံကြည်ကိုးကွယ်မှုနှင့် အာရှအလယ်ပိုင်းရှိ လူမျိုးများ၊ ယဉ်ကျေးမှုများနှင့်ဆက်စပ်နေသော ဝီဂါများသည်  တရုတ်အာဏာပိုင်များ၏ သံသယဖြစ်ဖွယ်ရာ အရာအဖြစ် ကာလရှည်ကြာရှုမြင်ခံခဲ့ကြရပြီး ခွဲခြားဆက်ဆံမှုများနှင့် ကြုံတွေ့ခဲ့ရသည်။  

Ghappar သည် အတော်အတန်ကျယ်ဝန်းသော တိုက်ခန်းဝယ်နိုင်သည့် ဝင်ငွေရှိသော်လည်း ကိုယ်ပိုင်အမည်ပေါက်ဖြင့် ဝယ်မရသောကြောင့် ဟန်မျိုးနွယ် သူငယ်ချင်းတစ်ဦး၏အမည်သုံးကာ ဝယ်ခဲ့ရသည် ဟုဆိုသည်။  Ghappar သည် ၂၀၁၈ ခုနှစ်က သူငယ်ချင်းများ၏ အကွက်ဆင်မှုကို ခံခဲ့ရကာ ဆေးခြောက်ရောင်းမှုဖြင့် အဖမ်းခံခဲ့ရပြီး ထောင် ၁၆ လ ကျခဲ့သည်။ ၂၀၁၉ ခုနှစ် နိုဝင်ဘာတွင် ထောင်မှလွတ်ခဲ့ပြီး တစ်လကျော်အကြာတွင် အိမ်သို့ ရဲများရောက်လာခဲ့ပြီး မှတ်ပုံတင်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများအတွက် ရှင်ကျန်းပြန်ရန်လိုသည်ဟု ပြောခဲ့သည်။  

ယခုနှစ် ဇန်နဝါရီ ၁၅ ရက်က Ghappar လေယာဉ်ပေါ်သို့မတက်မီ မိသားစုနှင့် သူငယ်ချင်းများကို တွေ့ကာ ဖုန်းနှင့်အဝတ်အစားများ ယူခွင့်ရခဲ့ပြီး Kucha သို့ ရဲအရာရှိနှစ်ဦးက စောင့်ကြပ်ပြီး လိုက်ပို့ခဲ့သည်။ Ghappar သည် ပြန်လည်ထူထောင်ရေးစခန်းသို့ရောက်သွားနိုင်ကြောင်း မိသားစုဝင်များက ယုံကြည်ထားကြသည်။ တစ်လခွဲကျော်အကြာတွင် Ghappar ထံမှသတင်းစကား ကြားခဲ့ရသည်။ Ghappar သည် တနည်းနည်းဖြင့် ၎င်း၏ဖုန်းကို ပြန်ရယူခဲ့ပြီး  We Chat မှတစ်ဆင့် အတွေ့အကြုံများ ပြောပြခဲ့သည်။

 ရှင်ကျန်းရောက်ပြီးနောက် ပထမဦးစွာ Kucha ရှိ ရဲစခန်း အချုပ်ခန်းတွင်နေခဲ့ရကြောင်း၊ ကြောက်စရာ ကောင်းသောရုပ်ပုံများရေးဆွဲထားသည့် ယခုလိုအခန်းကျဉ်းတွင်နေခဲ့ရကြောင်း၊ စတုရန်းမီတာ ၅၀ ထက်မပိုသောအခန်းတစ်ခန်းတွင်လည်း အမျိုးသား အမျိုးသမီး လူ ၅၀ / ၆၀ ခန့် မြင်ခဲ့ကြောင်း၊ လက်ထိတ် ၊ ခြေထိတ်နှင့် သံခြေကျင်းများခတ်ထားကြောင်းနှင့် တခြားအခန်းများမှ အော်ဟစ်သံများလည်း ကြားခဲ့ကြောင်း ပြောပြခဲ့သည်။ Ghappar သည် အခြားအကျဉ်းသားများနှင့်အတူ အခန်းကျဉ်းထဲတွင် နေခဲ့ရပြီး အစားအသောက်ပန်းကန်နှင့်ဇွန်းများလည်း မျှဝေသုံးခဲ့ရသည်ဟုဆိုသည်။ အကျဉ်းသားများသည် နှာခေါင်းစည်းလည်းတပ်ထားကြရပြီး ခေါင်းစွပ်ပါ အုပ်ထားရသည့်အတွက် အသက်ရှု၍မဝဟု Ghappar က ပြောပြသည်။  

Ghappar ၏ ဦးလေးတော်စပ်သူ Abdulhakim သည် ၂၀၀၉ ခုနှစ် ရှင်ကျန်းဆန္ဒပြပွဲတွင် ပါဝင်လှုပ်ရှားခဲ့မှုကြောင့် နယ်သာလန်သို့ ထွက်ပြေးခဲ့ရသည်။ Abdulhakim က နိုင်ငံရပ်ခြား၌နေပြီး တရုတ်လူ့အခွင့်အရေး ချိုးဖောက်မှုများကို ဆန့်ကျင်ဆန္ဒပြနေမှုကြောင့် ၎င်း၏တူ ထိန်းသိမ်းခံရသည်မှာ ၁၀၀ % သေချာကြောင်း ပြောသည်။ Abdulhakim အနေဖြင့် တရုတ်နိုင်ငံနှင့် ပြည်ပနိုင်ငံများ၌ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ခြင်းသာဖြစ်ပြီး ၎င်း၏တူမှာ နိုင်ငံရေးကို စိုးစဉ်းမျှ စိတ်မဝင်စားဟု ဆိုသည်။   Ghappar အား ကုတင်သံဘောင်တွင် လက်ထိတ်ခတ်ထားသည့်ကိစ္စနှင့် Ghappar နှင့် ဦးလေးဖြစ်သူကို ပြစ်မှုသံသယရှိ / မရှိနှင့်စပ်လျဉ်း၍ တရုတ်အာဏာပိုင်များကို ဘီဘီစီက မေးမြန်းခဲ့သော်လည်း တစ်စုံတစ်ရာတုံ့ပြန်ပြောဆိုခဲ့ခြင်း မရှိပေ။

မူးယစ်ဆေးဝါးနှင့်ပတ်သက်သော အစောပိုင်းစီရင်ချက်သည် ဟုတ်သည်ဖြစ်စေ ၊ မဟုတ်သည်ဖြစ်စေ ပညာတတ်ပြီး အောင်မြင်သော ဝီဂါမျိုးနွယ်များသည် ထိန်းသိမ်းခံရသည့် ပစ်မှတ်ဖြစ်လာနိုင်ကြောင်း ယခုလက်ရှိ Ghappar ထိန်းသိမ်းခံနေရမှုက သက်သေပြလျက်ရှိသည်။  Abdulhakim က ဂျော့ချ်ဖလွိုက်သေဆုံးသည့်ဗီဒီယိုကိုကြည့်ပြီး ၎င်း၏တူ ဗီဒီယိုကို အမှတ်ရမိကြောင်းနှင့် ဝီဂါမျိုးနွယ်အားလုံးသည် ယခုအခါ ‘ငါအသက်ရှူလို့မရတော့ဘူး’ ဟု ပြောဆိုခဲ့သည့် ဂျော့ချ်ဖလွိုက် ကဲ့သို့ ဖြစ်နေကြောင်း ပြောသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly