ဒီးမော့ဆိုမြို့နယ်တွင်း မိုးကြောင့် နှမ်းခင်းများပျက်စီး

ဒီးမော့ဆိုမြို့နယ်တွင်း မိုးကြောင့် နှမ်းခင်းများပျက်စီး
 ( ရေမြုပ်နေသည့် နှမ်းများကို ဒေသခံ တောင်သူများ ဆယ်ယူနေစဉ် )(ဓာတ်ပုံ - သန်းထိုက်ဦး)

သြဂုတ် ၅

ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် သေးဆူလဲကျေးရွာအုပ်စု ကုန်းသာ ကျေးရွာတွင် ဩဂုတ်လ ၂ ရက် နေ့ကစတင်ပြီး မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် စိုက်ပျိုးထားသည့် နှမ်းခင်း ဧက ၂၀ ခန့် ရေနစ်မြုပ် ကာ ပျက်စီး ဆုံးရှုံးသွားခဲ့သည်။

“ခါတိုင်းနှစ်က မိုးရွာတယ်။ ဒီနှစ်က မိုးခေါင်တော့ မိုးနောက်ကျ မလားပေါ့ နော်။ အဲတော့ နှမ်းထည့် ကြည့်တာ။ နှမ်းရိတ်ပြီး နှစ်ရက် မိုးမရွာသေးဘူး။ မနေ့က လပြည့်နေ့ ဘုန်းကြီး ကျောင်းသွားတာ နှမ်း ခင်းထဲ ရေကြီးကုန်ပြီလို့ ပြောလို့ သွားကြည့်တော့ အဲလိုဖြစ် ကုန်တယ်”ဟု  နှမ်းစိုက် တောင်သူ ဒေါ်သင်းထူးဆန်းက ပြောသည်။

နှမ်းကတော့ စမုံနက် အမျိုးအစားဖြစ်ပြီး ကုန်ကျ စရိတ်အနေဖြင့် တစ်ဧကကို   ရှစ်သိန်း လောက် ကုန် ကျကာ ပထမ ဦးဆုံး အကြိမ် စိုက်ပျိုးထားကြောင်း သူမက ဆက်ပြောသည်။

ဓာတ်ပုံ - သန်းထိုက်ဦး

“နှမ်းကလည်း ခြေရင်းကနေ အပင်ထိပ်ဖျားအထိ ကောင်းတယ်ဆိုတော့ သိန်း ၈၀ ကျော် ၉၀ လောက် တော့ရမယ်။ အခုကတော့ သုံးပုံ တစ်ပုံလောက်ပဲ ပြန်ရတော့ မယ်လို့ ထင် တယ်” ဟု ဒေါ်သင်းထူး ဆန်း က ပြောသည်။

ရိတ်ပြီးသား နှမ်းတွေကို တောင်သူတွေက ရေထဲကနေ ဆယ်ယူနေကြသလို မရိတ်ရ သေးသော နှမ်းခင်း များ ရေမြုပ်နေတာ တွေ့မြင်ရသည်။  

ထို့အပြင် ဧက ၅၀ ခန့် ရှိတဲ့ ပြောင်းခင်းထဲတွေမှာလည်း ရေမြုပ်နေတာ သုံးရက်ကြာရှိပြီး ရေ ပြန် မကျ ပါကပျက်စီး ရှုံးဆုံးမှုနဲ့ ရင်ဆိုင်ရနိုင်ကြောင်း ပြောင်းစိုက်တောင်သူ ဦးငိုင်းက ရှင်းပြသည်။

“အခုစိုက်ပျိုးထားတဲ့ဟာကတော့ သုံးလလောက်ရှိနေပြီ။ သို့သော်လည်း ဒီရေက သုံးလေး ရက်ခံ တယ် ဆိုရင်တော့ ပျက်စီးတဲ့သဘောပေါ့။ မလှတော့ဘူး။ ရောင်းလည်း မထွက် တော့ဘူး ။ အသီးလည်း မရင့် တဲ့အတွက်ကြောင့် ဝင်ငွေများ ဆုံးရှုံးပြီး မိသားစုပေါ်လည်း အများကြီးထိခိုက်မှာပဲ”ဟု ၎င်းက ဆို သည်။

ဘောလခဲမြို့နယ်တွင်လည်း ရာသီ ဥတုဖောက်ပြန်မှုများကြောင့် တောင်သူများ စိုက်ပျိုးထားသည့် နှမ်း ခင်းများ မိုးနည်းပြီး ပျက်ဆီး ဆုံးရှုံးမှုများ ကြုံတွေနေရကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly