စင်ကာပူသို့ ရောက်ရှိပြီး stay-home သတိပေးချက် လိုက်နာရသူများ အီလက်ထရောနစ်ကိရိယာ ဝတ်ရမည်

စင်ကာပူသို့ ရောက်ရှိပြီး stay-home သတိပေးချက် လိုက်နာရသူများ အီလက်ထရောနစ်ကိရိယာ ဝတ်ရမည်

သြဂုတ် ၃

စင်ကာပူနိုင်ငံသို့ ပြည်ပကနေ ဝင်ရောက်လာပြီး သတ်မှတ်အဆောက်အအုံများပြင်ပတွင် stay-home သတိပေးချက် လိုက်နာဆောင်ရွက်ကြရသည့် ခရီးသွားများအနေဖြင့် လာမည့် သြဂုတ် ၁၁ ရက်မှစ၍ ၁၄ ရက်တာ ကာလပတ်လုံး အီလက်ထရောနစ် စောင့်ကြည့် ကိရိယာတစ်ခုကို ဝတ်ဆင်ထားရန် လိုအပ်မည်ဖြစ်ကြောင်း သိရသည်။

ယင်းစည်းကမ်းသည် စင်ကာပူနိုင်ငံသားများ၊ အမြဲတမ်း အခြေချနေထိုင်သူများ၊ long-term pass ကိုင်ဆောင်သူများ၊ work pass ကိုင်ဆောင်သူများနှင့် ၎င်းတို့ကို မှီခိုသူများ အပါအဝင် ခရီးသွားအားလုံးအပေါ် သက်ရောက်အကျုံးဝင်မည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဂိတ်အာဏာပိုင်အဖွဲ့ (ICA) ၊ လူစွမ်းအားဝန်ကြီးဌာန (MOM) နှင့် ပညာရေးဝန်ကြီးဌာန (MOE) တို့က ထုတ်ပြန်သည်။

အသက် ၁၂ နှစ်နှင့် ယင်းအောက် အသက်အပိုင်းအခြားရှိသူများသာ အဆိုပါ စည်းကမ်းချက်ကနေ ကင်းလွတ်ခွင့်ရမည်ဖြစ်သည်။

“စင်ကာပူကို ရောက်လာတာနဲ့တပြိုင်နက် နေအိမ်တွေမှာ stay-home သတိပေးချက် လိုက်နာရမယ့် ခရီးသွားတွေကို စစ်ဆေးရေးဂိတ်တွေမှာ အီလက်ထရောနစ် စောင့်ကြည့်ကိရိယာတစ်ခု ထုတ်ပေးမှာဖြစ်ပါတယ်၊ သူတို့အနေနဲ့ အဲဒီ ကိရိယာကို သူတို့နေထိုင်မယ့် နေရာ ရောက်တာနဲ့ ဖွင့်ထားဖို့ လိုပါတယ်” ဟု အေဂျင်စီများက ထုတ်ပြန်သည်။

အကယ်၍ ယင်းကိရိယာကို မဖွင့်ထားပါက အာဏာပိုင်များက အဆိုပါ ခရီးသွားများ၏ တည်နေရာကို စုံစမ်းပြီး နည်းပညာအခက်အခဲ ရှိပါက ကူညီဖြေရှင်းပေးသွားမည်ဖြစ်သည်။

ခရီးသွားများအနေဖြင့် ၎င်းတို့ နေထိုင်ရာ နေရာကနေ အပြင်သို့ ထွက်ခွာရန် ကြိုးစားခြင်း သို့မဟုတ် အီလက်ထရောနစ်ကိရိယာကို လက်ဆော့ရန် ကြိုးပမ်းခြင်းတို့ လုပ်ဆောင်ပါက အာဏာပိုင်များထံ သတိပေးချက်တစ်ခု ရောက်ရှိသွားမည်ဖြစ်သည်။

ထို့ပြင် stay-home သတိပေးချက် စည်းမျဉ်း ချိုးဖောက်ခြင်း သို့မဟုတ် အီလက်ထရောနစ် ကိရိယာကို ကလိခြင်း တို့ကို ကျူးလွန်သူများအနေဖြင့် ဒဏ်ငွေ စင်ကာပူဒေါ်လာ ၁၀,၀၀၀ နှင့် ထောင်ဒဏ် ခြောက်လအထိ ချမှတ်ခံရနိုင်သည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly