စမ်းသပ်ဆဲ ကိုရိုနာဗိုင်းရပ်စ် ဆေးဝါး သန်း ၁၀၀ ကို အမေရိကန် ဝယ်ယူ

စမ်းသပ်ဆဲ ကိုရိုနာဗိုင်းရပ်စ် ဆေးဝါး သန်း ၁၀၀ ကို အမေရိကန် ဝယ်ယူ

ဩဂုတ် ၂

ဆေးဝါးကုမ္ပဏီနှစ်ခုမှ အမေရိကန် အစိုးရထံ စမ်းသပ်ဆဲ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး သန်း ၁၀၀ ကို တင်သွင်းရမည် ဖြစ်သည်ဟု ထရမ့် အစိုးရက သောကြာနေ့တွင် ပြောသည်။

လာမည့် သီတင်းပတ်များအတွင်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ထပ်တိုးလာလိမ့်မည်ဟု နိုင်ငံ၏ ထိပ်တန်းကျန်းမာရေး အေဂျင်စီက ခန့်မှန်းထားချိန်လည်း ဖြစ်သည်။

ပြည်သူ သန်း ၅၀ အတွက် လုံလောက်သော အဆိုပါ ကာကွယ်ဆေးများကို ပေးသွင်းရန် ပြင်သစ်မှ ဆေးဝါးထုတ်လုပ်ရေး Sanofi ကုမ္ပဏီနှင့် ဗြိတိန်မှ ဆေးဝါးကုမ္ပဏီကြီး ClaxoSmithKline GSK.L. သို့ အမေရိကန်အစိုးရက ဒေါ်လာ ၂ ဒသမ ၁ ဘီလီယံ ပေးချေရန် သဘောတူထားသည်။

ထို့ပြင် နောက်ထပ် ဆေးဝါး သန်း ၅၀၀ ကိုလည်း ဝယ်ယူမည့် အခွင့်အလမ်းတစ်ရပ်အားလည်း သဘောတူထားသည်။

ထရမ့်အစိုးရ၏ Operation Warp Speed လုပ်ငန်းစဉ်အောက်မှနေ၍ ယခုကဲ့သို့ ဝယ်ယူခြင်း ဖြစ်ကာ ၂၀၂၀ နှစ်ကုန်ခန့်ဆိုလှှင် COVID-19 ကာကွယ်ဆေး ထွက်ရှိလာရေးအတွက်လည်း ရည်ရွယ်သည့် သဘောတူညီချက် ဖြစ်သည်။

“ဒီနေ့မှာ ကျွန်တော်တို့ဟာ Sanofi နဲ့ GSK တို့က အလားအလာကောင်းတဲ့ နောက်ဆုံး ကာကွယ်ဆေးမှာ ရင်းနှီးမြုပ်နှံပြီး ထောက်ပံ့မှု ပြုလိုက်တာ ဖြစ်တယ်။ အခု ဝယ်ယူတဲ့ စမ်းသပ်ဆဲ ကာကွယ်ဆေးဟာ ဆေးဝါးစမ်းသပ်မှုတွေနဲ့ ထုတ်လုပ်မှုတွေ အားလုံး ပြီးပြည့်စုံအောင် လုပ်ဆောင်ထားပြီး ဖြစ်တယ်။ အသက်သန်းပေါင်းများစွာ ကယ်တင်နိုင်လိမ့်ဖွယ်လည်း ရှိသလို အမေရိကန်ပြည်သူတွေအတွက် ထိရောက်တဲ့ ဖော်ဆောင်ချက်လည်း ဖြစ်တယ်။”ဟု ကျန်းမာရေးနှင့် လူသားရင်းမြစ်ဝန်ဆောင်မှု ဝန်ကြီး အဲလက်ဇ်အက်ဇာက သဘောတူညီချက်နှင့် ပတ်သက်ပြီး ကြေညာခဲ့သည်။

တရုတ်တွင် စတင်ပေါ်ပေါက်သည့် ကိုရိုနာဗိုင်းရပ်စ်သည် အမေရိကန်၌ လူပေါင်း လေးသန်းခွဲကျော် ကူးစက်ဖြစ်ပွားပြီး အမေရိကန်ပြည်သူ ၁၅၂၀၀၀ ကျော် သေဆုံးကြောင်း ရိုက်တာ၏ စစ်တမ်းအရ သိရပါတယ်။

ဩဂုတ် ၂၂ အထိဆိုလျှင် သေဆုံးသူဦးရေက ၁၆၈၀၀၀ နှင့် ၁၈၂၀၀၀ ကြား ရှိလာနိုင်သည်ဟု အမေရိကန် ရောဂါထိန်းချုပ်ရေးစင်တာက သောကြာနေ့တွင် ခန့်မှန်းခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly