ကိုဗစ်ရောဂါပျောက်ကင်းသူများပြားသော်လည်း ကူးစက်မှုမြင့်တက်ဆဲဖြစ်ကြောင်း ဝန်ကြီးချုပ်မိုဒီ သတိပေး

ကိုဗစ်ရောဂါပျောက်ကင်းသူများပြားသော်လည်း ကူးစက်မှုမြင့်တက်ဆဲဖြစ်ကြောင်း ဝန်ကြီးချုပ်မိုဒီ သတိပေး

ဇူလိုင် ၂၇

အိန္ဒိယနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါပျောက်ကင်းသူ စံချိန်တင်မြင့်တက်သော်လည်း ဗိုင်းရပ်စ်ခြိမ်းခြောက်မှု ရှိနေသေးသည့်အတွက် သတိကြီးစွာထားရန်လိုအပ်ကြောင်း ဝန်ကြီးချုပ် နရိန္ဒြာမိုဒီက တနင်္ဂနွေနေ့က  ပြည်သူများအား မိန့်ခွန်းပြောကြားခဲ့သည်။

ကမ္ဘာ့လူဦးရေ ဒုတိယအများဆုံးနိုင်ငံဖြစ်သည့်အိန္ဒိယတွင် ပြီးခဲ့သည့် ၂၄ နာရီအတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူ ၄၈ ၀၀၀ ထက်မနည်းရှိခဲ့ကာ စံချိန်တင်ကူးစက်မှုဖြစ်ပွားခဲ့သည်။ ယနေ့အချိန်ထိ အိန္ဒိယတွင် ကိုရိုနာဗိုင်း ရပ်စ်ကူးစက်သူ ၁.၄ သန်းကျော်နဲ့ ၃၀ ၀၀၀ ကျော် သေဆုံးထားသည်။

တနင်္ဂနွေနေ့က ရောဂါပျောက်ကင်းသူ  ၃၆ ၁၄၅ ဦးရှိကာ တစ်ရက်တာအတွင်း စံချိန်တင်ပျောက်ကင်းမှု နေ့တစ်နေ့ဖြစ်ခဲ့သည်။ တစ်ချိန်တည်းမှာပဲ တစ်ရက်အတွင်း ရောဂါစမ်းသပ်မှုပေါင်း ၄၄၀ ၀၀၀ ကျော် လုပ်ဆောင်နိုင်ခဲ့ သည်။

ရောဂါတိုက်ဖျက်ရန် ခပ်ခွါခွါနေခြင်းနှင့် နှာခေါင်းစည်းတပ်ခြင်းက အရေးကြီးကြောင်း ဝန်ကြီးချုပ်မိုဒီက လစဉ်ထုတ်လွှင့်နေကျ ရေဒီယိုမိန့်ခွန်းမှတစ်ဆင့် သတိပေးခဲ့သည်။

“ကိုရိုနာဗိုင်းရပ်စ်ရဲ့ အန္တရာယ်က ကျော်လွှားနိုင်ဖို့ အဝေးကြီးလိုပါသေးတယ်။ နေရာအတော်များများမှာ အလျင်အမြန် ပျံ့နှံ့နေတုန်းပဲ။ သတိကြီးကြီးထားဖို့ လိုအပ်ပါတယ်” ဟု မိုဒီက သတိပေးခဲ့သည်။

ပြီးခဲ့သည့် ရက်သတ္တပတ်များအတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုသည် ကျေးလက်များနှင့်မြို့ငယ်များအထိ ရောက်ရှိခဲ့သည်။ ကျန်းမာရေးစနစ်၌ အားသွန်ခွန်စိုက်လုပ်ပြီး စမ်းသပ်မှုများပြားလာခြင်းနှင့်အတူ လာမည့်လများ အတွင်း ရောဂါကူးစက်ခံရသူအရေအတွက်ကို သိသိသာသာ တိုးလာနိုင်သည်ဟု ကျွမ်းကျင်သူများကဆိုသည်။

အနောက်ပိုင်း မဟာရာ့ရှ်ထရာပြည်နယ်၌ ရောဂါဒဏ်အဆိုးရွားဆုံးခံစားနေရကာ ကူးစက်သူ ၃၆၀ ၀၀၀ ထက်မနည်းရှိပြီး ၎င်းတို့အနက် ၆၀ ရာခိုင်နှုန်းမှာ မြို့တော်မွမ်ဘိုင်းနှင့် အနီးအနားမြို့များမှဖြစ်သည်။

အိန္ဒိယတွင် ကိုရိုနာဗိုင်းရပ်စ်တားဆီးရန် မတ်လ ၂၅ ရက်မှစ၍ တင်းကျပ်သောလော့ဒေါင်းသတ်မှတ်ခဲ့ပြီး စီးပွားရေးလုပ်ငန်း၊ စာသင်ကျောင်း၊ လေကြောင်းလိုင်းနှင့် မလိုအပ်သော လုပ်ငန်းအားလုံးကို ပိတ်ခဲ့ကာ ပြီးခဲ့သော သီတင်းပတ်များတွင် ကန့်သတ်ပိတ်ဆို့မှုအများအပြား ဖြေလျှော့ပေးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly