ထိုင်း၌ ဟိုတယ်ငှားရမ်းခြင်းများ ပြန်လည် မြင့်တက်လာ

ဇူလိုင် ၂၆

COVID-19 ကြောင့် လများစွာ နက်နက်ရှိုင်းရှိုင်း ထိခိုက်နေသော ထိုင်းနိုင်ငံ၏ ခရီးသွားလုပ်ငန်းသည် ဟိုတယ်နှင့် အပန်းဖြေရိပ်သာများ ငှားရမ်းခြင်းများ ပြန်လည်မြင့်တက်လာခြင်းကြောင့် အရှိန်ဖြင့် ပြန်လည်ဖွံ့ဖြိုးရန် မျှော်လင့်ချက် သန်းလာခဲ့သည်။

အထူးသဖြင့် တောင်ပိုင်းပြည်နယ်များတွင် အားလပ်ရက်အပန်းဖြေခရီးထွက်သည့်သူများနှင့်အတူ ဟိုတယ်ငှားရမ်းခြင်းများ များပြားလာခဲ့သည်။

အရှေ့ပိုင်းက ကမ်းရိုးတန်းပြည်နယ်များနှင့် တောင်ပိုင်းက ပင်လယ်ကမ်းခြေပြည်နယ်များတွင် ဟိုတယ်နှင့် အပန်းဖြေရိပ်သာများ ငှားရမ်းမှုသည် လေးရက်တာ အားလပ်ရက်တွင် ၈၀ ရာခိုင်နှုန်းမှ ၉၀ ရာခိုင်နှုန်း ထိုးတက်ခဲ့ကြောင်း ထိုင်းခရီးသွားလုပ်ငန်းအာဏာပိုင်အဖွဲ့ TAT က ပြောသည်။

လွန်ခဲ့သည့် သီတင်းနှစ်ပတ်က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားသည့် အီဂျစ်လေတပ်သားတစ်ဦး နေထိုင်ခဲ့ပြီး အများပြည်သူ ထိတ်လန့်မှုများ ဖြစ်ခဲ့ရသည့် ရနောင်းတွင် ကပ်ဘေးအတွင်း ပြည်နယ်အား ကူညီထောက်ပံ့မှုများအတွက် နိုင်ငံတစ်ဝန်းက ပြည်သူများအား ကျေးဇူးတင်ရှိကြောင်း စာတမ်းကြီးကို မောင်ခရိုင်၌ လွှင့်ထူထားသည်။

ထိုသို့ အီဂျစ်လေတပ်သားကြောင့် စိုးရိမ်ထိတ်လန့်ခဲ့ရမှုများနှင့် ၎င်းနှင့် ထိတွေ့ဆက်ဆံမိသူ မရှိကြောင်း သိရပြီးချိန်နောက်ပိုင်း ၁၄ ရက်အကြာတွင် ရနောင်း၌ လက်ရှိတွင် ကိုရိုနာဗိုင်းရပ်စ် ကင်းစင်သွားပြီဖြစ်ကြောင်း ပြည်နယ်အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌဖြစ်သူ သာဝစ်က ပြောသည်။

ရနောင်းက ပြည်သူများနှင့် စီးပွားရေးလုပ်ငန်းရှင်များသည် အခြားသော ပြည်နယ်များက အားပေးကူညီမှုများနှင့် မီဒီယာများ၏ အပြုသဘော ဖော်ပြမှုများကို ကျေးဇူးတင်လျက် ရှိကြသည်။ ခရီးသွားလုပ်ငန်းအား အကူအညီဖြစ်ရန် ဧည့်သည်တော်တော်များများက ရနောင်းသို့ လာရောက်ကြကြောင်း သာဝစ်က ပြောသည်။

“နာမကျန်းဖြစ်ခဲ့တဲ့ ရနောင်းရဲ့ ခရီးသွားလုပ်ငန်းဟာ ပြန်လည်ကျန်းမာလာပြီ ဖြစ်တယ်။ ကျွန်တော်တို့ ရနောင်းပြည်သူတွေဟာ စိတ်ဓာတ်အင်အား ပိုရှိလာသလို ခံစားရတယ်။”ဟု ၎င်းက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly