ပို့ကုန်ကျဆင်း၍ တောင်ကိုရီးယားနိုင်ငံ စီးပွားရေးဆုတ်ကပ်နှင့် ကြုံ

ပို့ကုန်ကျဆင်း၍ တောင်ကိုရီးယားနိုင်ငံ စီးပွားရေးဆုတ်ကပ်နှင့် ကြုံ

ဇူလိုင် ၂၃

ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးသည် ပို့ကုန်ကဏ္ဍအား ယိုယွင်းသွားစေခြင်းနှင့် လူခွာနေခြင်း စည်းမျဉ်းများက စက်မှုထွက်ကုန်အား ယိုင်နှဲ့ခြင်းတို့ကြောင့် တောင်ကိုရီးယားနိုင်ငံ၏ စီးပွားရေးသည် ဆယ်စုနှစ် နှစ်ခုကျော်အတွင်း အဆိုးဆုံး ကျဆင်းမှုဖြင့် ဒုတိယသုံးလပတ်၌ စီးပွားရေးဆုတ်ကပ်တွင်းသို့ ရောက်ရှိခဲ့သည်။

အာရှ၏ စတုတ္ထအကြီးဆုံး စီးပွားရေး တောင်ကိုရီးယားနိုင်ငံ၏ ဇွန်သုံးလပတ် စီးပွားရေးသည် အစောပိုင်း သုံးလပတ်ကထက် ၃ ဒသမ ၃ ရာခိုင်နှုန်း ကျုံ့သွားခဲ့သည်ဟု ကိုရီးယားဗဟိုဘဏ်က ကြာသပတေးနေ့တွင် ပြော  သည်။ ယင်းသည် ၁၉၉၈ ပထမသုံးလပတ် နောက်ပိုင်း အဆိုးဆုံး စီးပွားရေး ကျုံ့ခြင်းဖြစ်ပြီး ရိုက်တာမဲစစ်တမ်းက သုံးသပ်ထားသော ၂ ဒသမ ၃ ရာခိုင်နှုန်း စီးပွားရေး ကျုံ့ခြင်းထက်ပင် ပို၍ ဆိုးဝါးသည်။

“စားသုံးသူ အသုံးစရိတ်ဟာ ဖြည်းဖြည်းချင်း ပြန်လည်ဦးမော့လာပေမယ့် ဗိုင်းရပ်စ်ခြိမ်းခြောက်မှုတွေကတော့ မှေးမှိန်သွားတာ လုံးဝ မရှိဘူး။ လူခွာနေတဲ့ လုပ်ငန်းစဉ်တွေလည်း ဆက်ရှိနေဦးမှာ ဖြစ်တယ်။”ဟု Capital Economics Asia မှ စီးပွားရေးပညာရှင် အဲလ်လက်ဇ်ဟုမ်းစ်က ပြောသည်။

“တစ်ချိန်တည်းမှာပဲ ကမ္ဘာ့လုံးဆိုင်ရာ ဝယ်လိုအားဟာ ပြန်လည်ဦးမော့ဖို့ နှေးကွေးနေဖွယ် ရှိနေတယ်။ ဒါဟာ ပို့ကုန်ပြန်လည်ဦးမော့ဖို့အတွက် ဖိစီးမှုပဲ။”ဟု ၎င်းက ဆိုသည်။

ဂျီဒီပီနှုန်းမှာလည်း ယခင် တစ်နှစ်ကထက် ၂ ဒသမ ၉ ရာခိုင်နှုန်း ကျဆင်းရာ ၁၉၉၈ စတုတ္ထသုံးလပတ်မှ စတင်လျှင် အကြီးဆုံး ကျဆင်းမှု ဖြစ်ပြီး ရိုက်တာစစ်တမ်းက ခန့်မှန်းထားသော ၂ ဒသမ ၀ ရာခိုင်နှုန်းထက် ပို၍ ဆိုးဝါးခဲ့သည်။

နိုင်ငံစီးပွားရေး၏ ၄၀ ရာခိုင်နှုန်းနီးပါးရှိသည့် ပို့ကုန်ကဏ္ဍ ဖွံ့ဖြိုးမှုသည် ကြီးကြီးမားမား ကျဆင်းနေပြီး ၁၉၆၃ နောက်ပိုင်း အဆိုးဆုံးအဖြစ် ၁၆ ဒသမ ၆ ရာခိုင်နှုန်းအထိ ကျဆင်းသည်။

ဆောက်လုပ်ရေးကဏ္ဍ ရင်းနှီးမြုပ်နှံမှုသည် ပြီးခဲ့သည့် သုံးလပတ်ကထက် ၁ ဒသမ ၃ ရာခိုင်နှုန်း ကျဆင်းကာ ငွေလုံးငွေရင်း ရင်းနှီးမြုပ်နှံမှုမှာလည်း ၂ ဒသမ ၉ ရာခိုင်နှုန်း ကျဆင်းသည်။ ကုန်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုကဏ္ဍများသည်လည်း ၉ ဒသမ ၀ ရာခိုင်နှုန်းနှင့် ၁ ဒသမ ၁ ရာခိုင်နှုန်း အသီးသီး ကျဆင်းသည်။

စီးပွားရေးသည် တတိယ သုံးလပတ်တွင်မှ ပြန်လည်ဦးမော့လာနိုင်ဖွယ်ရှိသည်ဟု ဘဏ္ဍာရေးဝန်ကြီး ဟောင်နမ်းကီက ပြောသည်။

“ကျွန်တော်တို့အတွက် ဖြစ်နိုင်တာကတော့ တတိယ သုံးလပတ်မှာ တရုတ်ပုံစံမျိုး ပြန်လည်ဦးမော့လာမယ်လို့ မျှော်မှန်းထားတာပဲ။ ကပ်ဘေး အရှိန်နှေးသွားချိန် ပြည်ပကုန်ထုတ်လုပ်မှုတွေ ပြန်လည်အသက်ဝင်လာပြီး စာသင်ကျောင်းတွေ၊ ဆေးရုံဆေးခန်းတွေ လည်ပတ်မှုနဲ့အတူ ပြန်လည်ဦးမော့လာဖို့ မျှော်လင့်ထားတယ်။”ဟု မူဝါဒအစည်းအဝေးတစ်ရပ်၌ ဟောင်နမ်းကီက ပြောခဲ့သည်။

တောင်ကိုရီးယားအစိုးရအနေဖြင့် ကပ်ဘေးမှ စီးပွားရေးကျဆင်းမှုကို တိုက်ဖျက်ရေး စေ့ဆော်မှုအဖြစ် ဝမ် ၂၇၇ ထရီလီယံ(အမေရိကန်ဒေါ်လာ ၂၃၁ ဘီလီယံ)နီးပါး သုံးစွဲနေသော်လည်း မူဝါဒချမှတ်သူများအနေဖြင့် နိုင်ငံ၏ ပို့ကုန်အတွက် ကမ္ဘာ့ဝယ်လိုအားအပေါ် အနည်းငယ်သာ ထိန်းချုပ်နိုင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly