တရုတ်၏ Three Gorges ဆည် ပုံပန်းပျက်မှု ဖြစ်သော်လည်း ဘေးကင်းစိတ်ချရဟု ဆို

By Asia Times
22 July 2020
တရုတ်၏ Three Gorges ဆည် ပုံပန်းပျက်မှု ဖြစ်သော်လည်း ဘေးကင်းစိတ်ချရဟု ဆို

ဇူလိုင် ၂၂

ဟူပေပြည်နယ် ယန်ဇီမြစ်ပေါ်တွင် တည်ဆောက်ထားသော ၂ ဒသမ ၄ ကီလိုမီတာရှိ Three Gorges Dam ဆည်ကြီးသည် စံချိန်တင်ရေကြီးမှုနောက်ပိုင်း အနည်းငယ် ပုံပန်းပျက်မှု ဖြစ်ပေါ်ခဲ့ကြောင်း ပေကျင်းအာဏာပိုင် တို့က ကြုံတောင့်ကြုံခဲ ထုတ်ဖော်ခဲ့သည်။

ဆည်၏ အဓိကမကျသည့် အပရိက ဖြစ်သော အစိတ်အပိုင်း တချို့ ကောက်ကွေးသွားခဲ့သည်ဟု အဆိုပါ ကမ္ဘာ့အကြီးဆုံး ရေအားလျှပ်စစ်ထုတ်လုပ်ရေး ဆည်၏ အော်ပရေတာ ဖြစ်သူ၏ ပြောစကားကို နိုင်ငံပိုင် ဆင်ဟွာ သတင်းဌာနက ကိုးကားဖော်ပြသည်။

ယင်း ဆည်သည် တရုတ်ဝန်ကြီးချုပ်ဟောင်း Li Peng ၏ အထူးနှစ်သက်ရာ ပရောဂျက်တစ်ခု ဖြစ်ခဲ့ပြီး ၁၉၉၇ ခုနှစ်က အာရှ၏ အကြီးဆုံးမြစ်ကို ပိတ်ဆို့ လမ်းလွှဲခဲ့ချိန်တွင် ယင်းက နိုင်ငံအတွက် ကြီးကျယ်ခံ့ညားသော ဂုဏ်တစ်ခု ဖြစ်ခဲ့သည်။

ပုံပန်းပျက်မှုက ပြီးခဲ့သည့် စနေနေ့က ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ယင်းအချိန်က ယန်ဇီမြစ်၏ အထက်ပိုင်း အပိုင်းအကန့်များတစ်လျှောက်ရှိ Sichaung နှင့် Chongqing အပါအဝင် အနောက်ပိုင်းပြည်နယ်များမှ ရေလွှမ်းမိုးမှုက တစ်စက္ကန့်လျင် စံချိန်တင် ကုဗမီတာ ၆၁,၀၀၀ အထိ အမြင့်ဆုံးရောက်ရှိခဲ့ကြောင်း ဆည်နှင့် ယင်း၏ အောက်ခြေရှိ ဓာတ်အားပေးစက်ရုံကို စီမံခန့်ခွဲနေသော နိုင်ငံပိုင်လုပ်ငန်း China Three Gorges Corporation က ထုတ်ပြန်သည်။

ဆည်၏ အစိတ်အပိုင်းတချို့ အနည်းငယ်မျှ ပုံပန်းပျက်သွားခဲ့ကြောင်း၊ ပြင်ပ ဖွဲ့စည်းတည်ဆောက်ပုံတချို့ နေရာရွေ့ခဲ့ကြောင်း၊ ယင်း၏ အဓိက ထွက်ပေါက်များကတဆင့် ရေလွှတ်ထုတ်ခဲ့သည့် စနေနှင့်တနင်္ဂနွေတို့တွင် ၁၈ နာရီလုံးလုံး အဓိက ထွက်ပေါက်နံရံများထဲ ရေယိုစိမ့်မှုများ ရှိခဲ့ကြောင်း ကုမ္ပဏီက မှတ်ချက်ပြုသည်။

သို့သော် ရေယိုစိမ့်ထွက်မှု ပြဿနာက အချိန်ကြာရှည်စွာ ဖြစ်ပွားခဲ့ခြင်း မရှိဟု သိရသည်။ ဆည်သည် ယခုနှစ်လက်ရှိအချိန်အထိ ယန်ဇီမြစ်၏ အကြီးဆုံးသော ရေလွှမ်းမိုးမှုကနေ မြစ်အောက်ပိုင်းမြို့များကို ကာကွယ်ပေးနိုင်ရန်အလို့ငှာ ကုဗမီတာ ၃၉ ဒသမ ၃ ဘီလီယံ ရေလှောင်ကန်တွင် တတ်နိုင်သမျှ ရေများများထိန်းထားရန်  ရေတံခါးများကို ထိထိရောက်ရောက် အသုံးချခဲ့သည်ဟု သိရသည်။

ဆည်၏ အော်ပရေတာအနေဖြင့် အလယ်ပိုင်း ဝူဟန်မြို့ကို အကာအကွယ်ပေးရမည်ဟု ယုံကြည်ရပြီး ယင်းမြို့တွင် ဒေသခံ လူပေါင်း ဆယ်သန်းခန့်သည် ပြီးခဲ့သည့် ဒီဇင်ဘာက စတင်ပေါ်ပေါက်ခဲ့သည့် ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ၏ ဒဏ်ကို ခံခဲ့ရပြီး ဒယီးဒယိုင် ဖြစ်နေဆဲဖြစ်သည်။

လက်ရှိအချိန်တွင် အားလုံးသော အတိုင်းအတာ စံနှုန်းများသည် သတ်မှတ်စံချိန်များအတိုင်း ဆက်ရှိနေဆဲဖြစ်ကြောင်း၊ စောင့်ကြည့်ထားခဲ့သည့် အားလုံးသော ပြောင်းလဲနိုင်သော အရာများသည်လည်း ဒီဇိုင်း သတ်မှတ်ချက်ဘောင်အတွင်း ဝင်နေကြောင်း ဆင်ဟွာက ယင်း၏ သတင်းထုတ်ပြန်ချက်တစ်ရက်တွင် အလေးပေးဖော်ပြထားသည်။

တချိန်တည်းမှာပင် တရုတ် အင်ဂျင်နီယာ အကယ်ဒမီ နှင့် အရည်ဖိအားနည်းပညာဆိုင်ရာ အာဏာပိုင်အဖွဲ့၏ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ရေအရင်းအမြစ်ဝန်ကြီးဌာန၏ ယန်ဇီမြစ် စီမံခန့်ခွဲမှု ကော်မရှင်တွင် ပါဝင်သည့် Wang Hao က ဆည်သည် စနေနေ့က မှတ်တမ်းယူခဲ့သည့် ရေစီးဝင်မှုနှုန်း၏ နှစ်ဆဖြစ်သော ရေကြီးမှုများ၏ သက်ရောက်မှုဒဏ်ကို ခံနိုင်ရန် လုံလောက်မှု ရှိကြောင်း အာမခံပြောသွားသည်။

အလားတူ Three Gorges Corp ၏ စီမံခန့်ခွဲမှု ဗျူရို၏ ညွန်ကြားရေးမှူး Zhang Shuguang ကလည်း Wang ၏ အကဲဖြတ်ချက်အတိုင်း လိုက်လံပြောဆိုသွားခဲ့ပြီး လာမည့် နှစ်ပေါင်း ၅၀၀ အတွင်း မည်သည့်အရာကမှ ဆည်ကို ပြိုလဲစေမည်မဟုတ်ဟု ပြောသွားခဲ့သည်။ ထို့ပြင် ကြီးမားလှသည့် ကွန်ကရစ် အတားအဆီး တစ်လျှောက် တပ်ဆင်ထားသည့် ဆင်ဆာပေါင်း ၁၂,၀၀၀ အနက် မည်သည့်ဆင်ဆာကမှ ဗဟိုထိန်းချုပ်မျက်နှာပြင်ဘုတ်ပေါ်တွင် အနီရောင်မီး ပြသခဲ့ခြင်း မရှိကြောင်း ၎င်းက ပြောသွားခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly