အမ်းမြို့စစ်ဘေးရှောင်စခန်း နှစ်ခု ကို ကလေးငယ်များပညာသင်ရေးနေရာအဖြစ်  ပြင်ဆင်သွားမည်

အမ်းမြို့စစ်ဘေးရှောင်စခန်း နှစ်ခု ကို ကလေးငယ်များပညာသင်ရေးနေရာအဖြစ်  ပြင်ဆင်သွားမည်
ဓာတ်ပုံ -  ဦးစိုးသိန်း

ဇူလိုင်လ ၂၂

ရခိုင်ပြည်နယ် အမ်းမြို့တွင် ဖွင့်လှစ်ထားသည့် စစ်ဘေးရှောင်စခန်း နှစ်ခုတွင် ရှိနေသည့် စစ်ဘေးရှောင်စခန်းနေ မိသားစုဝင်များ ကို စခန်းမှာရွေ့ပြောင်းစေ ပြီး အဆိုပါ စခန်းနေရာ ကို ကျောင်းနေအရွယ် ကလေးငယ် စုစုပေါင်း ၅၄၂ ဦးကျော်တို့အတွက် ပညာသင်ကြားရေးစခန်းအဖြင့် ပြန်လည် အသုံးပြုသွားမည် ဟု သိရသည်။

အမ်းမြို့နယ်စစ်ဘေးရှောင်စခန်း(ဓာတ်ပုံ -  ဦးစိုးသိန်း)

 “ကျောင်းနဲ့ပတ်သက်ပြီး မြို့နယ်ပညာရေးမှူးနဲ့တိုင်ပတ်ဆွေးနွေးထားပါတယ်။ ပိတ်ထားတဲ့ကျောင်းက ဆရာ၊ဆရာမတွေ သင်ကြားသွားဖို့ဆိုတာကိုဆွေးနွေးပါတယ်။သင်ကြားမဲ့နေရာက မိုးလုံလေလုံ အားကစားခန်းမထဲက စစ်ဘေးရှောင်မိသားစုဝင်တွေကို  အိမ်ရအောင်ကြိုးစား ဆောင်ရွက် နေပါတယ်။ အိမ်ထောင်စုတွေမရှိတော့ဘူး ဆိုရင်စာသင်ကျောင်းအဖြင့်လုပ်ပါမယ်။ စာသင်ကျောင်းလုပ်ပြီးတော့ အခန်းတွေခွဲကြည့်တဲ့အခါ KGအတန်းကနေ ငါးတန်းအထိ သင်လို့ရပါတယ်။ ကျန်တဲ့အတန်းတွေကြတော့ အမှတ်လေးရပ်ကွက် ၊ အမှတ်ငါးရပ်ကွက် ၊ အမှတ်သုံးရပ်ကွက် က အ.ထ.က စာသင်ကျောင်းတွေမှာခွဲပြီး ကျောင်းဖွင့်တာနဲ့အပ်ဖို့စီစဉ်ထားပါတယ် “ ဟု အမှတ် ၂ စစ်ဘေးရှောင်စခန်းမှာ စည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ဦးစိုးသိန်းက ပြောသည်။

အမ်းမြို့နယ်စစ်ဘေးရှောင်စခန်း(ဓာတ်ပုံ -  ဦးစိုးသိန်း)

စစ်ဘေးရှောင်စခန်းနှစ်ခုတွင်ရှိသည့်  အိမ်ထောင်စုပေါင်း ၃၃၈  အတွက် ယင်းနေရာအနီးနားတွင်မိသားစု တစ်စုအလိုက် လူနေအိမ် ဆောက်လုပ်ပေးသွားမည်ဟုသိရသည်။

အမှတ်၂စစ်ဘေးရှောင်စခန်းတွင်  ကျေးရွာ ၂၃ ရွာမှ အိမ်ထောင်စုပေါင်း ၂၁၀ စု စုစုပေါင်းလူဦးရေ ၉၁၆ ဦးခန့် ရွေ့ပြောင်းလာကြတာဖြစ်ကြောင်းသိရသည်။

အမှတ် ၁ စစ်ဘေးရှောင်စခန်း(ပဲပဒုံကယ်ဆယ်ရေးစခန်း) တွင် ကျေးရွာပေါင်း ၁၄ ရွာမှ အိမ်ထောင်စုပေါင်း ၁၂၈ စု ၊ စုစုပေါင်းလူဦးရေ ၆၄၄ ဦးအထိရှိလာကြောင်းသိရသည်။

အမ်းမြို့အနီးက ဒါးလက်အုပ်စု (ဒါးလက်ချောင်းဒေသ) တွင်စားနပ်ရိက္ခာသယ်ယူခွင့်မရှိသည့်အတွက် ရိက္ခာပြတ်တောက်သည့် ကာလကြာလာသော် ကြောင့် စစ်ရှောင်စခန်းများကို လာရောက်နေထိုင်ကြကြောင်းသိရသည်။

အမ်းမြို့နယ်စစ်ဘေးရှောင်စခန်း(ဓာတ်ပုံ -  ဦးစိုးသိန်း)

“မနေ့ကတော့၉ တန်း ၊ ၁၀တန်းကျောင်းသားတွေကို ကျောင်းသွားအပ်ပါတယ်။ ဆရာ၊ဆရာမတွေက ထိုင်ရမဲ့ နေရာလေးတွေတော့ ပြပေးတယ်။ ကျောင်းကတော့တတ်လို့မရသေးဘူး။ အစိုးရကအဆင့်သတ်မှတ်ထားတာပါ။ ကျောင်းတွေမှာအေအဆင့်၊ဘီအဆင့် ဆိုတော့ကျောင်းသားတွေတတ်မဲ့ အ.ထ.က ၁ ကအဲဒီအဆင့်ကိုမရောက်သေးတဲ့အတွက် ကျောင်းကဖွင့်လို့မရသေးပါ။ KG ကနေ့ လေးတန်းအထိက စခန်းထဲမှာပညာသင်ကြားပေးဖို့အတွက် သက်ဆိုင်ရာကိုတင်ပြထားပါတယ်။ တရားဝင်ဖွင့်ခွင့်မရသေးတဲ့အတွက် ဘာမှတော့အကြောင်းမပြန်သေးပါဘူး “ ဟုအမှတ် ၁ စစ်ဘေးရှောင်စခန်းမှာ  စည်းကမ်းထိန်းသိမ်းရေးကော်မတီ ဥက္ကဋ္ဌ ဦးသန်းချို က ပြောသည်။

ကျောင်းတက်ဖို့လိုအပ်နေသည့် ကျောင်းသား  ကျောင်းသူများအတွက် သက်ဆိုင်ရာအစိုးရတာဝန်ရှိသူများက ကျောင်းသုံးစာအုပ် နှင့် စာရေးကိရိယာများကိုထောက်ပံ့လှူဒါန်းမှုနဲ့အတူ အရပ်ဖက်အဖွဲ့အစည်းများကလည်း လိုအပ်သည့်အခြေခံပစ္စည်းများကိုထောက်ပံ့လှူဒါန်းမှုတွေရှိနေပြီး ကျောင်းဝတ်စုံတစ်ခုသာအခက်ခဲရှိနေကြောင်း သိရှိရသည်။

ရခိုင်ပြည်နယ်တွင် နယ်မြေဒေသအခက်ခဲကြောင့် ကျောင်းပေါင်း ၁၁ကျောင်း မဖွင့်နိုင်သေးကြောင်း သိရှိရသည်။

ရခိုင်ပြည်နယ်အမ်းမြို့တွင် ဖွင့်လှစ်ထားသည့် စစ်ဘေးရှောင်စခန်း နှစ်ခု တွင် လူဦးရေ ၁၅၀၀ ကျော်လာပြီး စားဝတ်နေရေး နဲ့ ကျန်းမာရေးတို့အတွက်အခက်ခဲများဖြစ်ပေါ်နေတယ်လို့သိရှိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly