ပစိဖိတ်သမုဒ္ဒရာ၌ ဗြိတိန်လေယာဉ်တင်သင်္ဘောတပ်စွဲမည့်အပေါ် တရုတ်သတိပေး

ပစိဖိတ်သမုဒ္ဒရာ၌ ဗြိတိန်လေယာဉ်တင်သင်္ဘောတပ်စွဲမည့်အပေါ် တရုတ်သတိပေး

ဇူလိုင် ၂၀

ပစိဖိတ်သမုဒ္ဒရာအတွင်း၌ ဗြိတိန်၏ လေယာဉ်တင်သင်္ဘောတစ်စီး တပ်စွဲမည့်အစီအစဉ်သည် အလွန်အန္တရာယ်များသော လှုပ်ရှားမှုဖြစ်လိမ့်မည်ဟု   ဗြိတိန်ဆိုင်ရာ တရုတ်သံအမတ်ကြီးက သတိပေးပြောဆိုလိုက်ကြောင်း စနေနေ့ထုတ် The Times သတင်းစာတွင် ဖော်ပြခဲ့သည်။

ယူကေရှိ တရုတ်ထိပ်တန်းသံတမန် လျူရှောင်မင်က “လန်ဒန်က ဒီနှစ်ကုန်ပိုင်းမှာ ဥရောပသမဂ္ဂနဲ့ ကုန်သွယ်ရေးဖြတ်တောက်လိုက်ချိန်မှာ တရုတ်အပေါ် စစ်ရေးအရတပ်ဖြန့်တာတွေလုပ်ပြီး အမေရိကန်နဲ့ မပူးပေါင်းသင့်ပါ ဘူး။ ဥရောပသမဂ္ဂကနေ ခွဲထွက်ပြီးနောက်ပိုင်းမှာ ယူကေက ကမ္ဘာမှာ အရေးပါတဲ့ကဏ္ဍကနေ ပါဝင်ချင်ဦးမှာပါ။ ဒီလိုလုပ်ရပ်က အရေးပါတဲ့ကဏ္ဍမှာပါဝင်ဖို့ လုပ်တဲ့နည်းလမ်းမဟုတ်ပါဘူး” ဟု The Times သတင်းဌာန နှင့်အင်တာဗျူးတွင် ပြောဆိုခဲ့သည်။

ဗြိတိန်စစ်ဘက်ရေးရာစီမံခန့်ခွဲသူများသည်  တရုတ်ကိုဆန့်ကျင်ရေး နိုင်ငံတကာမဟာမိတ်၏ အစိတ်အပိုင်းတစ်ရပ်အဖြစ် ပစိဖိတ်သမုဒ္ဒရာ၌ HMS Queen Elizabeth လေယာဉ်တင်သင်္ဘောကို တပ်စွဲရန် အစီအစဉ်များ ကြံစည်ထားကြောင်း ယခုတစ်ပတ်တွင် The Times သတင်းဌာနက ဖော်ပြခဲ့သည်။

ပေါင် ၃.၁ ဘီလီဘံ (ဒေါ်လာ ၃.၉ ဘီလီယံ၊ ၃.၄ ဘီလီယံ ယူရို) တန်ဖိုးရှိသည့် ရေယာဉ်သည် ပွဲဦးထွက်တပ်ဖြန့်မှုကို လာမည့်နှစ်တွင် စတင်ရန် လျာထားပြီး တောင်တရုတ်ပင်လယ်အတွင်း  ရေကြောင်းသွားလာရေးလွတ်လပ် ခွင့်အပေါ် စိုးရိမ်မှုများရှိနေစဉ် ရွက်လွှင့်ခြင်းဖြစ်သည်။

သို့သော် လန်ဒန်နှင့်ပေကျင်းအကြား ကိစ္စရပ်အများအပြားအပေါ် တင်းမာမှုများမြင့်တက်လာပြီး အမေရိကန်-တရုတ်ဆက်ဆံရေး သိသိသာသာ ယိုယွင်းလာချိန်တွင် အဆိုပါလေယာဉ်တင်သင်္ဘောကို အမြဲတစေ အခြေချ ထားရန် အလားအလာရှိသည်။

ဗြိတိန်သည် အင်္ဂါနေ့က အမေရိကန်၏ဖိအားပေးမှုကို လက်ခံရန် သန္နိဋ္ဌာန်ပြုခဲ့ပြီး တရုတ်သတိပေးနေသည့်ကြားမှ 5G ကွန်ယက်မှ ဟွာဝေးကုမ္ပဏီ၏ ဆက်သွယ်ရေးပစ္စည်းများကိုဖယ်ရှားရန် ညွှန်ကြားခဲ့သည်။

လျူရှောင်မင်က အဆိုပါကိစ္စနှင့်ပတ်သက်ပြီး စိတ်ပျက်ဖွယ်ကောင်းကြောင်းနှင့် မှားယွင်းသောဆုံးဖြတ်ချက်ဖြစ်ကြောင်း ၊ ဗြိတိန်တွင် တရုတ်ကုမ္ပဏီများ၏ ပေါင်ဘီလီယံပေါင်းများစွာတန်သည့် ရင်းနှီးမြှုပ်နှံမှု ဆုံးရှုံးလိမ့် မည်ဟု ခန့်မှန်းကြောင်း၊ ဟွာဝေးသည် တခြားတရုတ်ကုမ္ပဏီများအတွက် ဥပမာတစ်ခုဖြစ်ကြောင်းနှင့် ယခုအခါ အစစအရာရာ ပြောင်းလဲကုန်ပြီဖြစ်ကြောင်း The Times သို့ပြောခဲ့သည်။

မဟာဗျူဟာမြောက်လှုပ်ရှားမှု

တရုတ်သည် ဗြိတိန်ကိုလိုနီဖြစ်ခဲ့သော ဟောင်ကောင်အပေါ် အငြင်းပွားဖွယ်နိုင်ငံသားဥပဒေပြဋ္ဌာန်းပြီးနောက် တရုတ်နှင့်ဗြိတိန်အကြား အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ ပဋိပက္ခဖြစ်နေကြသည်။

ဗြိတိန်က ဟောင်ကောင်ပြည်သူများကို ၎င်းတို့နိုင်ငံသားဖြစ်စေရန် အခွင့်အလမ်းပေးမည်ဟု တုံ့ပြန်ပြောဆိုခဲ့သည်။ ဤနည်းအားဖြင့် ဟောင်ကောင်ပြည်သူ သုံးသန်းကျော်သည် ယူကေသို့ ရွှေ့ပြောင်းလာနိုင်မည့် အခွင့် အလမ်းရရှိစေမည်ဖြစ်သည်။  

ဟောင်ကောင်ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူ ထင်ရှားသောလူငယ်များအနက်တစ်ဦးဖြစ်သည့် Nathan Law က ဆိုးရွားခက်ထန်သော လုံခြုံရေးဥပဒေသစ်ကြောင့် ၎င်းအနေဖြင့် ဗြိတိန်ကို ပြောင်းရွှေ့ပြီးပြီဖြစ်ကြောင်း တနင်္လာနေ့က ပြောခဲ့သည်။ အဆိုပါဥပဒေသည် စည်းရုံးသိမ်းသွင်းခြင်း၊ ဆူပူထကြွအောင်လှုံ့ဆော်ခြင်း၊ အကြမ်းဖက်ခြင်းနှင့် ပြည်ပနှင့်ပူးပေါင်းကြံစည်ခြင်းများအတွက် ထောင်ဒဏ်တစ်သက်တစ်ကျွန်းအထိ ပြစ်ဒဏ်ချ မှတ်နိုင်သည်။

Nathan Law က “ကျွန်တော့်ရဲ့ဆုံးဖြတ်ချက်က ပုဂ္ဂိုလ်ရေးရာ ရွေးချယ်မှုဆိုတာထက် မဟာဗျူဟာမြောက်လှုပ်ရှားမှုပါ။ ဟောင်ကောင်မှာ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ရကြတော့မှာ မဟုတ်ပါဘူး။  ခြိမ်းခြောက်မှုတွေ၊ မတရားဖမ်းဆီးချုပ်နှောင်မှုတွေနဲ့ ရဲတွေက အင်အားသုံးနှိမ်နင်းမှုတွေ လုပ်လာတော့မှာပါ။ ကျွန်တော့်ရဲ့ဖြစ်တည်မှုက  သတိပေးအချက်ပြဖို့ပါ။ ပြည်သူတွေသိခဲ့တဲ့ဟောင်ကောင်ဆိုတာ မရှိတော့ဘူးဆိုတာ လူတွေကို သတိပေးဖို့အတွက်ဖြစ်ပါတယ်” ဟု ဆိုသည်။

သို့သော် ဗြိတိန်အနေဖြင့် ဟောင်ကောင်ဒီမိုကရေစီလှုပ်ရှားသူများကို နိုင်ငံတွင်းသို့ လာခွင့်ပြုခြင်းသည် အလွန်အန္တရာယ်များလိမ့်မည်ဟု လျူက သတိပေးခဲ့သည်။ “ဒါက အရမ်းကို ကြီးလေးတဲ့ ပြဿနာပါ။ အကျိုးဆက်တွေ ဘယ်လိုဖြစ်လာမလဲဆိုတာ ကျွန်တော်တို့ စောင့်ကြည့်ရမှာပါ” ဟု လျူကပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly