COVID-19 ကာကွယ်ဆေး ဒေတာအချက်အလက်များကို ခိုးယူရန် ရုရှားဟက်ကာများ ကြိုးပမ်းနေဟု ဆို

COVID-19 ကာကွယ်ဆေး ဒေတာအချက်အလက်များကို ခိုးယူရန် ရုရှားဟက်ကာများ ကြိုးပမ်းနေဟု ဆို

ဇူလိုင် ၁၇

ကမ္ဘာတဝန်းရှိ ဆေးပညာရပ်ဆိုင်ရာနှင့် ဆေးဝါးဖော်စပ်ထုတ်လုပ်မှုဆိုင်ရာ အဖွဲ့အစည်းများ၏ COVID-19 ကာကွယ်ဆေးနှင့် ကုသမှု သုတေသန အချက်အလက်များကို ရုရှားအစိုးရ ကျောထောက်နောက်ခံပြု ဟက်ကာများက ခိုးယူရန် ကြိုးပမ်းနေကြောင်း ဗြိတိန်၏ အမျိုးသား ဆိုက်ဘာ လုံခြုံရေး စင်တာ (NCSC) က ဇူလိုင် ၁၆ ရက်တွင် ပြောသည်။

ဗြိတိန်၊ အမေရိကန်နှင့် ကနေဒါတို့၏ ပူးတွဲချိတ်ဆက် ထုတ်ပြန်ချက်တစ်ခုထဲတွင် COVID-19 ကာကွယ်ဆေး တီထွင်ထုတ်လုပ်မှုဆိုင်ရာ အချက်အလက်များအပေါ် ဟက်ကာ တိုက်ခိုက်မှုများနှင့်ပတ်သက်၍  ‘Cozy Bear’ ဟု သိကြသော APT29 အဖွဲ့ကို ရည်ညွန်းထားခဲ့သည်။

အဆိုပါ ဟက်ကာအဖွဲ့သည် ရုရှား ထောက်လှမ်းရေး ဌာနများ၏ တစိတ်တဒေသအဖြစ် လုပ်ကိုင်နေသည်မှာ သေချာသလောက် ရှိကြောင်း  အဆိုပါ ထုတ်ပြန်ချက်တွင် ပြောသည်။

“ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကို တိုက်ဖျက်ဖို့ လုပ်နေတဲ့ ဒီလို အရေးကြီးတဲ့ အလုပ်တွေအပေါ်မှာ ခုလိုမျိုး စက်ဆုပ်ဖွယ် ကောင်းတဲ့ တိုက်ခိုက်မှုတွေကို ကျွန်တော်တို့ ပြစ်တင်ရှုတ်ချပါတယ်” ဟု NCSC ၏ လုပ်ငန်းလည်ပတ်မှု ဆိုင်ရာ ညွန်ကြားရေးမှူး ပေါလ် ချီချက်စတာက ပြောသည်။

ယမန်နှစ်အတွင်း အမေရိကန်၊ တရုတ်၊ ဂျပန်နှင့် အာဖရိက တို့တွင် တည်ရှိသည့် လုပ်ငန်းများကို ပစ်မှတ်ထားရန် APT29 ဟက်ကာအဖွဲ့ကို အသုံးပြုခဲ့ကြောင်း ဆိုက်ဘာလုံခြုံရေးဆိုင်ရာ သုတေသီများက ပြောသည်။

ယခုကဲ့သို့ လန်ဒန်၏ စွပ်စွဲချက်များကို ရုရှားအစိုးရဘက်က ပယ်ချကြောင်း ပြောရေးဆိုခွင့်ရှိသူ ဒီမစ်ထရီ ပက်စ်ကော့ဗ်ကို ကိုးကားပြီး ရုရှား သတင်းအေဂျင်စီ RIA က ဖော်ပြသည်။ ထို့ပြင် ဗြိတိန်၏ စွပ်စွဲချက်သည် သက်သေအထောက်အထား မည်မည်ရရ လည်း မရှိကြောင်း ပက်စ်ကော့ဗ်က ပြောခဲ့သည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly