အိန္ဒိယ မြို့များတွင် လော့ဒေါင်း ပြန်ချ

ဇူလိုင် ၁၅

အိန္ဒိယနိုင်ငံတွင် တုံဆိုင်းလေးကန်နေသော စီးပွားရေး ပြန်လည်နိုးထရေးအတွက် အစိုးရ၏ အားထုတ်မှုများ တုံ့ဆိုင်းသွားအောင် ခြိမ်းခြောက်နေသည့် COVID-19 ကူးစက်ဖြစ်ပွားမှုများ မြင့်တက်လာခဲ့ပြီးနောက် နယ်မြေဒေသများကို ပြန်လည်လော့ဒေါင်း ချလာရသည်။

လူဦးရေ ၁၂၅ သန်းနီးပါးရှိသော မြောက်ပိုင်း ဘီဟာပြည်နယ်တွင် ဇူလိုင် ၁၆ ရက်မှစတင်ကာ ၁၅ ရက်တာ လော့ဒေါင်း ချပြီဖြစ်ကြောင်း လက်ထောက်ပြည်နယ်ဝန်ကြီးချုပ်က အင်္ဂါနေ့တွင် ပြောသည်။

“မြို့နယ်အားလုံး၊ ခရိုင်ရုံးချုပ်တွေ၊ အစိုးရဌာနတွေကို လော့ဒေါင်းအောက်မှာ ထားသွားမှာ ဖြစ်တယ်။ လမ်းညွှန်ချက်တွေကိုလည်း ထုတ်ပြန်ပေးမယ်။”ဟု ဆူရှေးကူးမားမိုဒီက တွစ်တာတွင် ရေးသားသည်။ ဘီဟာပြည်နယ်အနေဖြင့် ဇူလိုင် ၃၁ ရက်တွင် လော့ဒေါင်းပြီးဆုံးမည် ဖြစ်သည်။

အင်္ဂါနေ့က ဘီဟာပြည်နယ်တွင် စံချိန်တင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူပေါင်း ၁၄၃၂ ဦး ရှိခဲ့ပြီး သုံးရက်ဆက်တိုက် လူ ၁၀၀၀ ကျော်အထက် ကူးစက်ခြင်းဖြစ်ရာ ပြည်နယ်အတွင်း စုစုပေါင်း ကူးစက်သူပေါင်း ၁၉၀၀၀ နီးပါးရှိပြီး သေဆုံးသူမှာ ၁၃၄ ဦးရှိကြောင်း ဌာနနေကျန်းမာရေးအာဏာပိုင်များက ပြောသည်။

“ဆေးနဲ့ ကာကွယ်ဆေး မရှိသေးဘူး။ နှာခေါင်းစည်းတွေကိုပဲ အားကိုးရမယ်။ လက်ဆေးကြပါ။”ဟု ၎င်းက ပြောသည်။

ဘီဟာပြည်နယ် မတိုင်မီ နာရီပိုင်းက တောင်ပိုင်းမြို့နှင့် နည်းပညာအခရာဖြစ်သော ဘန်ဂလောမြို့တွင် သီတင်းတစ်ပတ်တာ လော့ဒေါင်းကို ကြေညာခဲ့ခြင်း ဖြစ်သည်။ နိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ တစ်သန်းနီးပါးအထိ ရှိလာချိန် အခြားသော ပြည်နယ်နှင့် မြို့များတွင်လည်း ကန့်သတ်ချက်များ ပြဋ္ဌာန်းလာသည်။

ဘန်ဂလောတွင် ဝတ်ပြုနေရာများ၊ အများပြည်သူသယ်ယူပို့ဆောင်ရေးများ၊ အစိုးရရုံးများနှင့် ဆိုင်ခန်းအများစုမှ ဆက်လက်ပိတ်ထားမည်ဖြစ်ပြီး လိုအပ်သည့် ပစ္စည်းများ ဝယ်ယူခြင်းများမှအပ ပြည်သူများအနေဖြင့် အိမ်တွင်းမှာပင် နေကြရမည် ဖြစ်သည်။ ကျောင်းများ၊ ကောလိပ်များနှင့် စားသောက်ဆိုင်များလည်း ဆက်လက်ပိတ်ထားမည်ဖြစ်ကြောင်း အာဏာပိုင်များက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly