ဆောင်းရာသီ COVID-19 ဒုတိယလှိုင်းအတွင်း ဗြိတိန်၌ လူတစ်သိန်းနှစ်သောင်း သေဆုံးနိုင်

ဆောင်းရာသီ COVID-19 ဒုတိယလှိုင်းအတွင်း ဗြိတိန်၌ လူတစ်သိန်းနှစ်သောင်း သေဆုံးနိုင်

ဇူလိုင် ၁၄

ဗြိတိန်နိုင်ငံသည် လာမည့် ဆောင်းရာသီအတွင်း အသေအဆုံးများသော COVID-19 ဒုတိယလှိုင်း ကျရောက်နိုင်ခြေနှင့် ရင်ဆိုင်နေရပြီး ယင်းကာလတွင် အချိန်ကိုးလအတွင်း၌ လူပေါင်း ၁၂၀၀၀၀ အထိ သေဆုံးနိုင်ကြောင်း ကျန်းမာရေးပညာရှင်များက အင်္ဂါနေ့၌ ပြောသည်။

ပြင်ပနေရာများ၌ ပြည်သူများ ပို၍ နေကြမည်ဖြစ်၍ ဆောင်းရာသီ၌ COVID-19 ပိုမိုပျံ့နှံ့နိုင်ခြေ ရှိနေခြင်းနှင့်အတူ ကပ်ဘေးဒုတိယလှိုင်းက ပထမလှိုင်းတွင် ကြုံခဲ့ရသည်များထက် ပြင်းထန်စွာ ဆိုးဝါးနိုင်ခြေရှိနေသည်ဟု ဗြိတိန် Academy of Medical Sciences AMS မှ ပါမောက္ခတစ်ဦးဖြစ်သည့် စတီဖင်ဟိုဂိတ်က ပြောသည်။

“ဒါဟာ ခန့်မှန်းဟောကိန်း မဟုတ်ဘူး။ ဒါပေမယ့် ဖြစ်နိုင်ခြေ ရှိတယ်။”ဟု ဟိုဂိတ်က အွန်လိုင်းသတင်းစာရှင်းလင်းပွဲ၌ ပြောသည်။ “ဆောင်းရာသီ COVID-19 လှိုင်းသစ်မှာ သေဆုံးသူ ပိုများနိုင်တယ်။ ဒါပေမယ့် ကျွန်တော်တို့တွေ ချက်ချင်း အရေးယူဆောင်ရွက်မှုတွေ လုပ်ဆောင်ခဲ့ရင်တော့ ဒီ ဘေးဆိုးကို လျှော့ချနိုင်လိမ့်မယ်။”ဟု ၎င်းက ပြောသည်။

COVID-19 ကြောင့် ဗြိတိန်နိုင်ငံအတွင်း လက်ရှိ သေဆုံးနှုန်းသည် ၄၅၀၀၀ နီးပါး ရှိပြီး ဥရောပ၌ အများဆုံးဖြစ်သည်။ သံသယလူနာများ အပါအဝင်ဆိုပါက သေဆုံးနှုန်းသည် ၅၅၀၀၀ ရှိသည်ဟု ရိုက်တာ၏ တာဝန်ရှိ အချက်အလက်ရင်းမြစ်များကို စာရင်းကောက်ယူမှုအရ သိရသည်။

COVID-19 ဘေးက မည်သို့ ပြောင်းလဲလာမည်ဆိုခြင်းနှင့် ပတ်သက်ပြီးလည်း မသေချာမှုများက မြင့်မြင့်မားမား ရှိနေသော်လည်း R value ဆိုသည့် မျိုးပွားမှုဖြစ်စဉ် ကိန်းဂဏန်းက ၂၀၂၀ စက်တင်ဘာမှ နောက်ပိုင်းတွင် ၁ ဒသမ ၇ အထိ မြင့်တက်မည်ဟု AMS ဆိုထားသည်။

ရောဂါကို ကျော်လွှားနိုင်မည့်ဖြစ်သော ကူးစက်သူ ပျမ်းမျှအရေအတွက်ဖြစ်သည့် R value သည် ဗြိတိန်၌ လက်ရှိတွင် ၀ ဒသမ ၇ နှင့် ၀ ဒသမ ၉ ကြားတွင် ရှိနေပြီး ယင်းကြောင့် နေ့စဉ်သေဆုံးမှုနှုန်းထား ကျဆင်းလျက် ရှိနေသည်။ R value အဆင့် ၁ အထက်သို့ ရောက်ပါက ရောဂါကျော်လွှားနိုင်စွမ်း ပို၍ ကြီးမားလာမည် ဖြစ်သည်။

“၂၀၂၀ စက်တင်ဘာကနေ ၂၀၂၁ ဇွန်အထိ ဆေးရုံများ၌ သေဆုံးသူဦးရေသည် ၁၁၉၉၀၀ နီးပါး ရှိလိမ့်မည်ဖြစ်ကြောင်း။” AMS ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားရာ ဗိုင်းရပ်စ် ပထမလှိုင်းက သေဆုံးသည့် နှုန်းထက် နှစ်ဆမြင့်မားနိုင်ခြင်းပဲ ဖြစ်သည်။

“COVID-19 ဟာ မပြီးသေးဘူး။ ကျွန်မတို့အနေနဲ့ ဒီ ဆောင်းတွင်းမှာ ကျန်းကျန်းမာမာ နေထိုင်နိုင်ဖို့ အစစအရာရာ လုပ်ထားဖို့ လိုပါတယ်။”ဟု AMS ၏ ဒုတိယ ဥက္ကဌဖြစ်သူ အန်နီဂျွန်ဆန်က ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly