ပြည်ပရောက်တရုတ်နိုင်ငံသားများထံမှ ပထမဆုံးအကြိမ် ဝင်ငွေခွန်ကောက်ခံမည်

ပြည်ပရောက်တရုတ်နိုင်ငံသားများထံမှ ပထမဆုံးအကြိမ် ဝင်ငွေခွန်ကောက်ခံမည်

ဇူလိုင် ၁၁

တရုတ်နိုင်ငံသည် ပြည်ပ၌နေထိုင်သော၎င်းတို့နိုင်ငံသားများထံမှ  အခွန်ကောက်ခံရန် စတင်ခြေရာခံနေပြီဖြစ်သောကြောင့် နိုင်ငံခြားဝင်ငွေအပေါ် စည်းကြပ်ခွန်လုံးဝမပေးဆောင်ခဲ့ကြသော ပြည်ပနေသူများကို အံ့အားသင့်စရာဖြစ်ခဲ့သည်။

 ကမ္ဘာတွင် အခွန်အနိမ့်ဆုံးနှုန်းထားရှိသည့်နိုင်ငံများအနက်တစ်နိုင်ငံဖြစ်သော ဟောင်ကောင်၌ လည်ပတ်နေသော တရုတ်အစိုးရပိုင်လုပ်ငန်းများက အိမ်ရှင်နိုင်ငံအား အခွန်ပေးဆောင်နိုင်ရေးအတွက် ၂၀၁၉ ခုနှစ် ဝင်ငွေများ ကို ကြေညာရန် ပြည်မတရုတ်နိုင်ငံသားများအား ပြောခဲ့သည်ဟု အမည်မဖော်လိုသူတစ်ဦးက ပြောသည်။

တရုတ်ပိုင် ကုမ္ပဏီလုပ်ငန်းများသည် စင်္ကာပူကဲ့သို့သော တခြားနိုင်ငံများ၌လုပ်ကိုင်နေသော ဝန်ထမ်းများကိုလည်း အကြောင်းကြားထားသည်ဟု ဆိုသည်။

ဝင်ငွေခွန် ၄၅ % ထိကောက်ခံသည့် တရုတ်သည် အမေရိကန်နည်းတူလုပ်ဆောင်နိုင်ရေး ပြည်ပရှိ၎င်းတို့နိုင်ငံသားများထံမှ ဝင်ငွေခွန်စတင်ကောက်ရန် ယမန်နှစ် ဇန်နဝါရီလက ဝင်ငွေခွန်စည်းမျဉ်းကို ပြန်လည်ပြင်ဆင် ခဲ့သည်။

သို့သော် ပေကျင်းသည် ၎င်းအခွန်များကို မည်သို့ကောက်ခံမည်ကို ယခုနှစ်မှအသေးစိတ်ထုတ်ဖော်ခဲ့ပြီး ပြည်ပနေနိုင်ငံသားများကို အံ့အားသင့်စေခဲ့ခြင်းဖြစ်သည်။

ပြည်ပရောက်နိုင်ငံသားများ၏ တိကျသောအချက်အလက်များကို ချက်ချင်းမရနိုင်သော်လည်း ပြည်ပရောက် တရုတ်လူမျိုး သန်း ၆၀ ခန့်ရှိသည်ဟု အစိုးရပိုင်မီဒီယာကပြောသည်။

South China Morning Post ၏ ဖော်ပြချက်အရ ဟောင်ကောင်တွင် အလုပ်လုပ်နေသော တရုတ်ပြည်မကြီးမှလူပေါင်း ၈၀ ၀၀၀ မှ ၁၅၀ ၀၀၀ အထိရှိသည်ဟု ဆိုသည်။ မကာအိုမှတရုတ်နိုင်ငံသားများကိုလည်း ဝင်ငွေခွန်များစတင်ပေးဆောင်ရန် ညွှန်ကြားထားသည်ဟု Nikkei Asian Review  သတင်းအရသိရသည်။ အဆိုပါကိစ္စနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံ၏ အကောက်ခွန်ဆိုင်ရာစီမံခန့်ခွဲမှုဌာနကို မေးမြန်းရာ တစ်စုံတစ်ရာ တုံ့ပြန်ခြင်းမရှိပေ။

ဝင်ငွေခွန် ၁၅ % ထိသာ အများဆုံးပေးဆောင်ရသော ဟောင်ကောင်ကဲ့သို့သောနိုင်ငံများ၌ အလုပ်လုပ်နေသော တရုတ်လူမျိုးများအတွက် ကြီးမားသော ထိုးနှက်ချက်ပင်ဖြစ်သည်။ ဟောင်ကောင်၌ ပေးဆောင်ရမှုသည် တရုတ်ပြည်မကြီး၏အမြင့်ဆုံးအခွန်သတ်မှတ်ချက်၏ သုံးပုံတစ်ပုံသာရှိသည်။

လခဝင်ငွေခွန်တင်မကဘဲ စည်းမျဉ်းများအရ အစုအမြတ်နှင့်ပိုင်ဆိုင်မှုရောင်းရခြင်းမှရရှိသောဝင်ငွေများအတွက်ပါ အခွန်ပေးဆောင်ရနိုင်ဖွယ်ရှိသည်ဟု ကြွယ်ဝမှုဆိုင်ရာစီမံခန့်ခွဲရေးအကြံပေး ကုမ္ပဏီ Ishtar Consulting Inc. မှ အမှုဆောင်အရာရှိချုပ် Mr. Jia Zeliang က ပြောသည်။ ဤစနစ်ကြောင့် တရုတ်ကုမ္ပဏီအများအပြား အခွန်ဝန်ထုပ်ဝန်ပိုးဖြစ်စေခြင်း သို့မဟုတ် တရုတ်လူမျိုးများ ထိုနိုင်ငံများမှ အမြောက်အမြားထွက်ခွာခြင်း ဖြစ်နိုင်စေသည်ဟု Mr. Jia က ဆိုသည်။ ပြည်ပရောက်တရုတ်နိုင်ငံသားများသည် နှစ်ပေါင်းများစွာ ဝင်ငွေများအတွက် သီအိုရီအရ အခွန်ပေးဆောင်ရန်တာဝန်ရှိသော်လည်း အဆိုပါစည်းကမ်းဥပဒေများသည် အာဏာမတည် သေးကြောင်း PwC Global Mobility Services မှ ခေါင်းဆောင် Mr. Jacky Chu က ပြောသည်။ ယခုကဲ့သို့ပြောင်းလဲချက်သည် စာရင်းကိုင်ကုမ္ပဏီများအတွက် အခွင့်အရေးတစ်ခု ဖြစ်လာနိုင်ပေသည်။

“ကျွန်တော်တို့ဆီ အကြံဉာဏ်တောင်းခံလာတဲ့ ကုမ္ပဏီတွေအများကြီးရှိလာပါတယ်။ လွန်ခဲ့တဲ့ဆယ်စုနှစ်များစွာက အခွန်ဥပဒေဟောင်းရေးဆွဲတုန်းက အခုလိုမျိုး ပြည်ပမှာလုပ်တဲ့ တရုတ်နိုင်ငံသားတွေ အများကြီး မရှိသေးဘူး။ လူအများက လိုအပ်ချက်ကို အပြည့်အဝသတိမထားမိခဲ့တာကြောင့်လည်း ဖြစ်နိုင်ပါတယ်” ဟု Mr. Chu က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly