၁၅ ရာစု တရုတ်စွယ်စုံကျမ်း နှစ်စောင်တွဲအား ဒေါ်လာ ၉ သန်းကျော်ဖြင့် ရောင်းရ

၁၅ ရာစု တရုတ်စွယ်စုံကျမ်း နှစ်စောင်တွဲအား ဒေါ်လာ ၉ သန်းကျော်ဖြင့် ရောင်းရ

ဇူလိုင် ၁၀

၁၅ ရာစု တရုတ်စွယ်စုံကျမ်း နှစ်စောင်တွဲအား ခန့်မှန်းထားသည့် ဈေးထက် အဆ ၁၀၀၀ ပိုရကာ အမေရိကန်ဒေါ်လာ ၉ သန်းကျော်ဖြင့် ရောင်းထွက်ခဲ့သည်။

မင်မင်းဆက် တတိယမြောက်ဘုရင် Yongle Emperor ညွှန်ကြားချက်ဖြင့် ထုတ်ခဲ့သော Yongle Dadian စွယ်စုံကျမ်းမှ နှစ်စောင်တွဲကို အင်္ဂါနေ့က လေလံတင်ရာ၌ ဒေါ်လာ ၉ သန်းကျော် ရရှိခြင်းဖြစ်ကြောင်း ပါရီအခြေစိုက် Beaussant Lefevre လေလံရုံးက ပြောသည်။

ထို စွယ်စုံကျမ်းများကို ဒေါ်လာ ၉၀၀၀ ဖြင့် ရောင်းထွက်ရန် မျှော်လင့်ခဲ့ခြင်းဖြစ်သည်ဟု ယင်း လေလံရုံးက ဆိုသည်။

Yongle Dadian စွယ်စုံကျမ်းကို ၁၄၀၄ ခုနှစ်မှ ၁၄၀၈ ခုနှစ်အတွင်း ပညာရှင်ပေါင်း ၂၀၀၀ ကျော်က ရေးသားစီရင်ခဲ့ခြင်း ဖြစ်သည်။ မူရင်းစွယ်စုံကျမ်းတွင် အခန်းပေါင်း ၂၂၈၇၇ ခန်း ပါဝင်ရာ သမိုင်းတစ်လျှောက်တွင် အကြီးဆုံး စွယ်စုံကျမ်းပဲ ဖြစ်သည်။

အင်္ဂါနေ့က လေလံတင်သည့် စွယ်စုံကျမ်းနှစ်စောင်မှာ ၁၅၆၂ ခုနှစ် Jiajing မင်းလက်လက်တွင် ပြန်လည်ကူးယူခဲ့သည့် မူပွားကျမ်းများဖြစ်ကြောင်း လေလံရုံးက ပြောသည်။

ထို စွယ်စုံကျမ်းမှ အတွဲပေါင်း ၄၀၀ သာ လက်ရှိတွင် ရှိတော့ရာ မူရင်းစွယ်စုံကျမ်း၏ ၄ ရာခိုင်နှုန်းခန့်သာ ရှိတော့ခြင်း ဖြစ်သည်။ ထိုအတွဲများမှ ၂၄ တွဲမှာ ဗြိတိသျှ စာကြည့်တိုက်တွင် ရှိထားသည်။

ယခု လေလံတင်ရောင်းချသည့် စွယ်စုံကျမ်းနှစ်စောင်မှာ တရုတ်နိုင်ငံက ရေကန်များအကြောင်းနှင့် ဈာပနအခမ်းအနားများအကြောင်း ရေးသားထားသည့် အတွဲများ ဖြစ်ကြောင်း Beaussant Lefevre လေလံရုံးက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly