တစ်စုတစ်ဖွဲ့အရေး လူမျိုးတစ်မျိုးအရေးထက် ပြည်ထောင်စုအရေးကို လုပ်ကြရန် ဗိုလ်ချုပ်ကြီး ယွက်စစ်ပြော

တစ်စုတစ်ဖွဲ့အရေး လူမျိုးတစ်မျိုးအရေးထက် ပြည်ထောင်စုအရေးကို လုပ်ကြရန် ဗိုလ်ချုပ်ကြီး ယွက်စစ်ပြော
ပုံ - ဗိုလ်ချုပ်ကြီး ယွက်စစ်ကို တွေ့ရစဉ် (ပုံ- NCA-S EAO)

ရန်ကုန်၊ ဇူလိုင် ၁၀

ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အောင်မြင်ရေး ဆောင်ရွက်ကြရာတွင် တစ်စုတစ်ဖွဲ့အရေး လူမျိုးတစ်မျိုးအရေးထွက် ပြည်ထောင်စုအရေးကို လုပ်ကြရန် လိုအပ်သည်ဟု ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST)၏ ယာယီ အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောသည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ(NCA-S EAO)၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST)အစည်းအဝေး (၁၀/၂၀၂၀)ကို ယနေ့ (ဇူလိုင် ၁၀ ရက်) နံနက် ၁၀ နာရီက Video Conferencing ဖြင့် ကျင်းပစဉ် ဗိုလ်ချုပ်ကြီး ယွက်စစ်က အထက်ပါ အတိုင်းပြောလိုက်ခြင်း ဖြစ်သည်။

ဗိုလ်ချုပ်ကြီး ယွက်စစ်က “ တစ်စုတစ်ဖွဲ့အရေး၊ လူမျိုးတစ်မျိုးအရေးထက် အားလုံးအရေး၊ ပြည်ထောင်စုအရေး ကို ဦးထိပ်ထားပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို တစိုက်မတ်မတ် ဆောင်ရွက်သွားကြမယ်ဆိုရင် မိမိတို့ အားလုံး လိုလားတောင့်တ တဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်”ဟု ပြောသည်။

ယခု ကျင်းပသည့် PPST အစည်းအဝေးတွင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ စတုတ္ထ အစည်းအဝေး ကျင်းပရေးဆိုင်ရာ လုပ်ငန်းများနှင့် ငြိမ်းချမ်းရေး ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးမှာ ဖြစ်ပြီး လျာထားသည့် အချိန်ကာလအတိုင်း ညီလာခံ ကျင်းပနိုင်ရေးနှင့် ရလဒ်ကောင်းထွက်ရှိသည့် ညီလာခံ ဖြစ်စေရေးအတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင် ရွက်ပေးရန် လိုအပ်ပါသည်ဟုလည်း ၎င်းက ဆိုသည်။

မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ ဗိုလ်ချုပ်ကြီး ယွက်စစ်၏ ပြောစကားသည် ယေဘု ယျအားဖြင့် မှန်ကန်ကြောင်း၊ လက်ရှိ အခြေအနေတိုင်း NLD အစိုးရ အနေဖြင့် သွားနေပါက ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး အလားအလာ မရှိနိုင်ကြောင်း၊ အစိုးရ- တပ်မတော်- တိုင်းရင်းသား အားလုံး ပူးပေါင်းဆောင်ရွက်မှသာလျှင် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို ဖော်ဆောင် နိုင်မှာ ဖြစ်ကြောင်း ဆိုသည်။

“ အဲလို ပြောတာ ယေဘုယျအားဖြင့် မှန်တယ်ဗျ။ ဗိုလ်ချုပ်ကြီး ယွက်စစ်က NLD သက်တမ်း တစ်လျှောက် လုပ်ခဲ့တာကို ရည်ညွန်းပြောဆိုတယ်လို့ ကျွန်တော်ထင်ပါတယ်။ NLD ဟာ သူ့အစိုးရ လက်အောက်၊ လွှတ် တော် အောက်မှာ NLD ပါတီအတွက်ပဲ တစ်စုတစ်ဖွဲ့အရေးပဲ လုပ်နေတယ်လို့ ရည်ညွန်းတယ်ထင်ပါတယ်။ အခု NLD က ဘယ်ပါတီ၊ ဘယ်တိုင်းရင်းသား ပါတီတွေနဲ့မှ မဟာမိတ် ဖွဲ့ဖို့ မရှိဘူးလို့ ပြောထားတော့ သူတစ်ပါတီ တည်း အာဏာရရေးကိုပဲ တည်ဆောက်နေတယ်လို့ မြင်ပုံရတယ်။ ဒါကြောင့် အားလုံးပေါင်း ဆောင်ရွက်မှသာ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို ဖော်ဆောင်နိုင်မှာ ဖြစ်ပါတယ်”ဟု ၎င်းက ပြောသည်။

ပုံ - PPST အစည်းအဝေးကို Video Conferencing ဖြင့် ကျင်းပနေစဉ် (ပုံ- NCA-S EAO)

ဗိုလ်ချုပ်ကြီး ယွက်စစ်က  အပစ်အခတ်ရပ်စဲမှုခိုင်မာရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့၏ အစီအရင်ခံ တင်ပြချက်နှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် လုပ်ငန်းအဖွဲ့(PPWT)၏ လုပ်ငန်းဆောင်ရွက်ချက်များကိုလည်း သုံးသပ် ဆွေးနွေးပြီး လမ်းညွှန်မှု ပေးသွားမှာ ဖြစ်သည်ဟု ပြောသည်။

“ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၃)မှာ ပါဝင်မယ့် အဓိက အပိုင်း(၃)ပိုင်းဖြစ်တဲ့ NCA အကောင် အထည်ဖော်မှုဆိုင်ရာ မူဘောင်သဘောတူညီချက်၊ ၂၀၂၀ အလွန် အဆင့်လိုက် လုပ်ငန်းစဉ်နဲ့ အဆင့်လိုက် အကောင်အထည်ဖော်မှုများနဲ့ ပတ်သက်လို့ ရရှိတဲ့ ဆွေးနွေးညှိနှိုင်းခြင်းရလဒ်တွေအပေါ် ဒီ PPST အစည်း အဝေးမှာ လမ်းညွှန်မှုတွေကို ချမှတ်ပေးမှာဖြစ်ပါတယ်”ဟု ၎င်းက ပြောသည်။

ယနေ့ ကျင်းပသည့် အစည်းအဝေးတွင် (၈)ကြိမ်မြောက် အပစ်အခတ်ရပ်စဲရေးုဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ(JICM) အစည်းအဝေး၏ သဘောတူညီချက် (၈)ချက် အကောင်အထည်ဖော် ဆောင်ရွက်မှုများ အတွက် အစိုးရနှင့် မိမိတို့ NCA-S EAO တို့၏ နှစ်ဖက်ညှိနှိုင်းရေးအဖွဲ့များ တွေ့ဆုံ ဆွေးနွေးညှိနှိုင်းလာကြ သည်မှာ (၅)ကြိမ်ရှိပြီ ဖြစ်၍ ညှိနှိုင်းဆွေးနွေးပွဲ (၅)ကြိမ်မှ ရရှိလာသည့်ရလဒ်များကို အဓိကအလေးထား ဆွေးနွေးသွားမှာ ဖြစ်ပါသည်ဟု ဗိုလ်ချုပ်ကြီး ယွက်စစ်က ဆိုသည်။

စတုတ္ထအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ အစည်းအဝေးကို လာမည့် သြဂုတ်လ ၁၂ ရက်တွင် ကျင်းပသွားရန်လည်း စီစဉ်လျက်ရှိကြောင်း သိရသည်။

PPST ကို NCA ထိုးထားသည့် ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊ ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့-ငြိမ်းချမ်းရေးကောင်စီ (KNU/ KNLA-PC)၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်ဖွဲ့(DKBA)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)၊ ရခိုင်ပြည်လွတ်မြောက်ရေး ပါတီ (ALP)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ မွန်ပြည်သစ်ပါတီ(NMSP)၊ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU) တို့ဖြင့် ဖွဲ့စည်းထားသည်။

အဆိုပါ PPST သည် အစိုးရ၊ တပ်မတော်တို့ဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို NCA လက်မှတ်ထိုးထားသည့် လက်နက်ကိုင် ၁၀ ဖွဲ့သွားရောက် ဆွေးနွေးသည့်အခါ မူဝါဒပိုင်းဆိုင်ရာများကို လမ်းညွှန်ချမှတ်ပေးလျက်ရှိသော အဖွဲ့ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly