နိုင်ငံတော်ကို ဆန့်ကျင်သည့် Facebook ပို့စ်တင်သူ ဗီယက်နမ်အမျိုးသား ထောင်ဒဏ် ၈ နှစ် ကျ

နိုင်ငံတော်ကို ဆန့်ကျင်သည့် Facebook ပို့စ်တင်သူ ဗီယက်နမ်အမျိုးသား ထောင်ဒဏ် ၈ နှစ် ကျ

ဇူလိုင် ၈

ဗီယက်နမ်တွင် နိုင်ငံတော်ကို ဆန့်ကျင်သည့် ပို့စ်များ Facebook ပေါ်တွင် တင်ခဲ့သည့် အမျိုးသားတစ်ဦးကို တရားရုံးတစ်ခုက ဇူလိုင် ၇ ရက်တွင် ထောင်ဒဏ် ရှစ်နှစ် ချမှတ်လိုက်ကြောင်း လုံခြုံရေးဝန်ကြီးဌာနက ပြောသည်။

စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေပြီး လူမှုဆိုင်ရာ ပြောင်းလဲမှုများကို ပိုမိုတိုးမြှင့်ဖွင့်လှစ်ပေးနေသော်ငြား ဗီယက်နမ်နိုင်ငံ၏ အာဏာရ ကွန်မြူနစ်ပါတီသည် တင်းကျပ်သည့် မီဒီယာ စိစစ်ဖြတ်တောက်မှုကို စွဲကိုင်ထားပြီး ဝေဖန်မှုများကို သည်းခံမှု နည်းပါးလျက် ရှိသည်။

နိုင်ငံတော်ကို ဆန့်ကျင်သည့် ရည်ရွယ်ချက်အတွက် သတင်းအချက်အလက်၊ အချက်အလက်ကုန်ကြမ်းများနှင့် သတင်းများ ဖန်တီး၊ သိုမှီး၊ ဖြန့်ဝေမှုဖြင့် အသက် ၂၉ နှစ်ရှိ ငုရင် ကော်ဒူ ဗောင် အမည်ရ အမျိုးသားကို လမ်ဒေါင်ပြည်နယ် တရားရုံးတစ်ခု၌ စွဲချက်တင်ခဲ့ခြင်းဖြစ်ကြောင်း ဗီယက်နမ် အများပြည်သူ ဘေးကင်းလုံခြုံရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

ဗောင်သည် ဗီယက်နမ်၏ တည်ထောင်သူခေါင်းဆောင် ဟိုချီမင်း၏ ပုံရိပ်ကို စွန်းထင်းစေရန်နှင့် နိုင်ငံတော်ဆန့်ကျင်ရေး ဝါဒဖြန့်မှုကို ပျံ့နှံ့စေရန် ရည်ရွယ်လျက် ၎င်း၏ Facebook အကောင့်တွင် ပို့စ်ပေါင်း ၃၆၆ ခု ရေးသားပြီး နာရီပေါင်း ၁၁၀ ကြာ ဗီဒီယိုများ ထုတ်လွှင့်ခဲ့သည်ဟု စွပ်စွဲခံခဲ့ရသည်။

ယခုကဲ့သို့ ဗောင် ထောင်ချခံရမှုက “တရားလွန်ဖြစ်ပြီး လက်ခံနိုင်စရာမရှိ” ဟု Human Rights Watch လူ့အခွင့်အရေးအဖွဲ့၏ အာရှဒေသဆိုင်ရာ ဒုတိယညွန်ကြားရေးမှူး ဖီလ် ရော်ဘတ်ဆန်က ပြောသည်။

“ကွန်မြူနစ်ပါတီရဲ့ သဘောထားရပ်တည်ချက်နဲ့ ဖီလာဆန့်ကျင်တဲ့ နိုင်ငံရေးအမြင်တွေကို ဖော်ထုတ်တာက ပြစ်မှုတစ်ခု မဖြစ်သင့်ဘူးဆိုတာကို ဗီယက်နမ်အစိုးရအနေနဲ့ လက်ခံရပါလိမ့်မယ်” ဟု ၎င်းက အီးမေးလ်ကနေတစ်ဆင့် ထုတ်ပြန်သည်။

တရားရုံးအနေဖြင့် ဗောင်ကို ၎င်း၏ ထောင်ဒဏ်ပြစ်ဒဏ်ကျခံပြီးနောက်ပိုင်း နေအိမ်အကျယ်ချုပ် သုံးနှစ်ထားရှိသွားဦးမည်ဖြစ်ကြောင်း ဝန်ကြီးဌာနက ပြောသည်။

ယမန်နှစ်ကုန်နောက်ပိုင်း ဗီယက်နမ်တွင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ ဖမ်းဆီးခံရမှုဖြစ်စဉ်များသည် တဖြည်းဖြည်းချင်း များလာနေခဲ့ပြီး ဗီယက်နမ်အစိုးရသည်လည်း ၂၀၂၁ ဇန်နဝါရီတွင် အဓိကကျသည့် ပါတီညီလာခံတစ်ခုကို ကျင်းပရန် စိုင်းပြင်းလျက် ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly