လုံခြုံရေးဥပဒေ ရှိလာချိန် ဟောင်ကောင်သားများ ဆိုရှယ်မီဒီယာမှတ်တမ်းဟောင်းများကို ဖျက်ပစ်

လုံခြုံရေးဥပဒေ ရှိလာချိန် ဟောင်ကောင်သားများ ဆိုရှယ်မီဒီယာမှတ်တမ်းဟောင်းများကို ဖျက်ပစ်

ဇူလိုင် ၃

လုံခြုံရေးဥပဒေသစ်တစ်ရပ် ရှိလာသည့်အတွက် ဟောင်ကောင် ပြည်သူပြည်သားများသည် ယခုအခါ ၎င်းတို့၏ ဆိုရှယ်မီဒီယာ အကောင့်များကို မှတ်တမ်းရှင်းလင်းမှုများလုပ်နေကြပြီး စကားပြောဆိုမှု chat မှတ်တမ်းဟောင်းများကိုလည်း ဖျက်ပစ်နေလျက် ရှိသည်။ ထို့ပြင် ဆိုက်ဘာ privacy ပိုင်းနှင့်ပတ်သက်၍လည်း ဖုတ်ပူမီးတိုက် ကျက်မှတ်နေကြကြောင်း သိရသည်။

တရုတ်တို့ အသစ်ပြဋ္ဌာန်းလိုက်သည့် လုံခြုံရေးဥပဒေက အစဉ်အလာအားဖြင့် ဟုတ်မှန်တိုင်း ထုတ်ပြောလေ့ရှိသည့် မြို့တွင် အကြောက်တရားများနှင့် မိမိဘာသာ ဆင်ဆာဖြတ်တောက်မှုများဖြင့် လွှမ်းခြံုထားခဲ့ပြီ ဖြစ်သည်။

ဘဏ္ဍာရေးအချက်အချာ ဟောင်ကောင်တွင် ယမန်နှစ်က ဆန္ဒပြပွဲများ ပေါ်ပေါက်ခဲ့ပြီးနောက်ပိုင်း တရုတ် ခေါင်းဆောင်များသည် ပြီးခဲ့သည့် ဇွန်လ ၃၀ ရက်က ဟောင်ကောင်လုံခြုံရေးဥပဒေသစ်ကို အတည်ပြုခဲ့သည်။ ထို့ပြင် ဥပဒေပါ အကြောင်းအရာများကိုလည်း နောက်ဆုံးမိနစ်အထိ လျှို့ဝှက်ထားခဲ့သည်။

လွတ်လပ်ရေး အလိုရှိမှု အပါအဝင် နိုင်ငံရေး ရှုထောင့်အမြင်အချို့သည် ညတွင်းချင်းမှာပင် ဥပဒေနှင့်မညီ ဖြစ်လာခဲ့သည်။ အလားတူ ဥပဒေရေးရာ သုတေသီများနှင့် လူ့အခွင့်အရေးအုပ်စုများကလည်း အဆိုပါ ဥပဒေ၏ ကျယ်ပြန့်သော အသုံးအနှုန်းနှင့်ပတ်သက်၍ သတိပေးမှုများ ပြုလုပ်ခဲ့သည်။

ပုန်ကန်ခြင်း၊ ခွဲထွက်ရန် ကြိုးပမ်းခြင်း၊ အကြမ်းဖက်မှု၊ ပြည်ပအင်အားစုများနှင့် ပူးပေါင်းခြင်းတို့ကို ယင်းဥပဒေက တားမြစ်ထားသည် ဖြစ်ရာ ယင်းက အများပြည်သူ လွတ်လပ်ခွင့်နှင့် လွတ်လပ်စွာ ပြောဆိုမှုအပေါ် ပိတ်ဆို့သွားတော့မည်ဖြစ်သည်။

နိုင်ငံရေး လွတ်လပ်ခွင့်များ ဟန့်တားမည်မဟုတ်ဟု ပေကျင်းဘက်က အာမခံချက်များ ပေးထားသော်ငြား ဟောင်ကောင်ပြည်သူအများစုသည် တရုတ်အာဏာရကွန်မြူနစ်ပါတီအပေါ် ၎င်းတို့၏ ဆန့်ကျင်မှုသဘောထားဆိုင်ရာ ဒစ်ဂျစ်တယ် ရည်ညွန်းပြောဆိုချက်များကို ဖျက်ပစ်ရန် လုပ်ဆောင်လာခဲ့ကြသည်။

“ ကျွန်တော်ဆိုရင် ကျွန်တော့် ပရိုဖိုင် နာမည်ကို ပြောင်းပစ်ခဲ့ပါတယ်၊ တခြား သီးသန့်အကောင့်တစ်ခုကို ပြောင်းသုံးနေပါတယ်၊ ဒါမှလည်း ကျွန်တော့်ရဲ့ နောက်တင်မယ့် ပို့စ်တွေကို ကျွန်တော့်အလုပ်ရှင်က မတွေ့တော့မှာပါ” ဟု ပေါလ် အမည်ရ ဝန်ထမ်းတစ်ဦးက ပြောသည်။ ၎င်း၏ အလုပ်ရှင်သည် ပေကျင်းလိုလားသူဖြစ်ကြောင်းလည်း ပေါလ်က ပြောသည်။

ထို့ပြင် ရှေ့ကာလတွင်  ပို့စ်တင်ခြင်းနှင့်ပတ်သက်၍ အထူးသတိထားသွားမည်ဖြစ်ကြောင်း ၎င်းက ပြောသွားခဲ့သည်။ လုပ်ဖော်ကိုင်ဘက်များ သို့မဟုတ် မိတ်ဆွေသူငယ်ချင်းများကပင် ၎င်းကို တိုင်ကြားနိုင်မည့်အပေါ် စိုးရိမ်နေရကြောင်း ပေါလ်က ပြောသွားခဲ့သည်။

ဟောင်ကောင်တွင် လုံခြုံရေးဥပဒေ အသက်ဝင်လာပြီးနောက် ဟောင်ကောင်ပြည်သူအများအပြားသည် Twitter နှင့် Telegram ၊ Signal ကဲ့သို့ အခြား ဆိုရှယ်မီဒီယာ ပလက်ဖောင်းများသို့ ရောက်လာပြီး ၎င်းတို့၏ ပုံမှန်ကနေ အပြောင်းအလဲလုပ်မှုကို အသိပေးခြင်း သို့မဟုတ် အင်တာနက် ဘေးကင်းလုံခြံုမှုနှင့်ပတ်သက်၍ အကြံပြုချက်များ မျှဝေခြင်းတို့ လုပ်ခဲ့ကြကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly