ဂူတာပြင်ကျေးရွာ ဖြစ်စဉ်မှ တပ်မတော်အရာရှိ တစ်ဦးအပါအဝင် သုံးဦး၏ နာမည်၊အဆင့်၊ရာထူးတို့ကို ဖော်ပြမည်မဟုတ်ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းပြောကြား

By ထွန်းထွန်းဝင်း ၊ စိုးသူအောင်
30 June 2020
ဂူတာပြင်ကျေးရွာ ဖြစ်စဉ်မှ တပ်မတော်အရာရှိ တစ်ဦးအပါအဝင် သုံးဦး၏ နာမည်၊အဆင့်၊ရာထူးတို့ကို ဖော်ပြမည်မဟုတ်ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းပြောကြား
ဓာတ်ပုံ - ဂူတာပြင်ကျေးရွာကို Google Map မှ မြင်တွေ့ရစဉ်

ဇွန် ၃၀

ဂူတာပြင်ကျေးရွာ ဖြစ်စဉ်နဲ့ပတ်သက်ပြီး တပ်မတော်အရာရှိကြီး ၁ဦးအပါအဝင် ၊ အရာရှိတစ်ဦး နဲ့ အခြားအဆင့် စစ်သည်တစ်ဦး တို့ရဲ့ နာမည်၊ အဆင့်၊ ရာထူးတွေကို ထုတ်ဖော်ပြောကြားခြင်း၊ ဖော်ပြခြင်းတွေ လုပ်ဆောင်မှာ မဟုတ်ဘူးလို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

အခုလို တပ်မတော်အရာရှိကြီး ၁ဦးအပါအဝင် ၊ အရာရှိတစ်ဦး နဲ့ အခြားအဆင့် စစ်သည်တစ်ဦး တို့ရဲ့ နာမည်၊ အဆင့်၊ ရာထူးတွေကို မဖော်ပြရတာဟာ တာဝန်ထမ်းဆောင်ခဲ့တဲ့ အရာရှိ၊စစ်သည်တွေအနေနဲ့ နိုင်ငံတော်ကာ ကွယ်ရေး၊လုံခြုံရေးနဲ့ဒေသတည်ငြိမ်ရေး တာဝန်တွေကိုထမ်းဆောင်ရင်း လုပ်မှား၊ကိုင်မှားဖြစ်ခဲ့တာအပြင် အချက် ၂ ချက်ကြောင်း ဖြစ်တယ်လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက မဇ္ဈိမသတင်းဌာနကို ပြောကြားခဲ့သည်။

“အဲဒီဖြစ်စဉ်မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့အရာရှိစစ်သည်တွေက နိုင်ငံတော်ကာကွယ်ရေး၊ လုပ်ခြုံရေးနဲ့ ဒေသ တည်ငြိမ်းအေးချမ်းရေးတို့ကို တာဝန်ထမ်းဆောင်ခဲ့တာဖြစ်တယ်။ တာဝန်ထမ်းဆောင်ရင်းနဲ့လုပ်မှား ကိုင်မှား ဖြစ်ခဲ့တာဖြစ်တယ်။ ဒါကြောင့် နံပတ်တစ်က သူတို့ရဲ့ဂုဏ်သိက္ခာ နဲ့ တာဝန်ထမ်းဆောင်မူကို ထောက် ထား ပြီးတော့ ဖြစ်တယ်။နံပတ်နှစ်က တပ်မတော်သားတွေရဲ့စစ်ဆင်ရေးထမ်းဆောင်လို့စိတ် နဲ့ရဲဘော်ရဲဘက်စိတ် ဒါနဲ့ပတ်သက်ပြီး ပြစ်ဒဏ်တွေကိုချမှတ်ဖို့ရယ်၊ ပြစ်ဒဏ်တွေကျခံဖို့ရယ် ၊ ခံယူနေသည့်တိုင်အောင် ပြစ်ဒဏ် ထုတ်ပြန်ချက်ထဲမှာ မထည့်သွင်းရခြင်းဖြစ်ပါတယ်။ သူတို့ရဲ့နာမည်၊အဆင့်၊ရာထူးတွေ ပြစ်ဒဏ်တွေနဲ့ပတ် သက်ပြီး ထုတ်ဖော်ပြောမှာမဟုတ်ပါဘူး “ ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်း ကပြောသည်။

ဂူတာပြင်ကျေးရွာဖြစ်စဉ်နဲ့ပတ်သက်ပြီး စစ်တရားရုံး(Cour-Martial)  က တပ်မတော်အရာရှိကြီး တစ်ဦး ၊အရာရှိတစ်ဦး နှင့် အခြားအဆင့်စစ်သည်တစ်ဦးတို့အပေါ် သက်ဆိုင်ရာစွဲချက်အရ အပြစ်ရှိကြောင်း ဆုံးဖြတ်ခဲ့ တာပါ။

အဲဒီဆုံးဖြတ်ချက်နဲ့ ပြစ်ဒဏ်ချမှတ်ချက်တွေကို သက်ဆိုင်ရာအတည်ပြုအာဏာပိုင်တို့က အတည်ပြုကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဇွန်လ ၃၀ ရက်နေ့  နံနက်ပိုင်းက သတင်းထုတ်ပြန်ခဲ့တာ လည်း ဖြစ်ပါတယ်။

အဲဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး တပ်မတော်စုံစမ်းစစ်ဆေးရေးခုံရုံးကို ၂၀၁၉ ခုနှစ်၊ မတ်လ ၁၈ ရက်နေ့ က စတင်စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။

စစ်ဘက်ဆိုင်ရာတရားရုံးကိုတော့ ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့မှာ စတင်စစ်ဆေးခဲ့ပြီး  ၂၀၂၀ ခုနှစ် ဧပြီလ ၃၀ ရက်နေ့မှာ စစ်ဆေးမှု ပြီးစီးခဲ့တာလည်း ဖြစ်ပါတယ်။

ဒါပေမယ့် တပ်မတော်အနေနဲ့ မောင်နု ကျေးရွာနဲ့ ချွတ်ပြင်ကျေးရွာဖြစ်စဉ်တွေကို စုံစမ်းစစ်ဆေးရေးခုံရုံး(Court of Inquiry)နဲ့ စစ်ဆေးဆောင်ရွက်မှုတွေ ဆက်လက်ပြုလုပ်သွားမည်ဖြစ်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
အဲဒီလို သတင်းထုတ်ပြန်ကြောငြာချက်နဲ့ပတ်သက်ပြီး  ကိုဖီအာနန်ဦးဆောင်တဲ့ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်မှာအဖွဲ့ဝင်အြဖစ်ဆောင်ရွက်ခဲ့ဖူးတဲ့ ဦးအေးလွင်က မဇ္ဈိမသတင်းဌာနကို အခုလိုပြောကြားခဲ့ပါတယ်။

“ကြိုဆိုပါတယ်။ဘာကြောင့်ကြိုဆိုသလဲဆိုရင် မြေပြင်အခြေအနေ အရှိတရားတွေကို တစစ စတင်လက်ခံ အသိအမှတ် ပြုလာပြီးဆိုတဲ့ သဘောဖြစ်တဲ့အတွက်ကြောင့် အဲဒီလမ်းကြောင်းအတိုင်းဆက်လျှောက် မယ်ဆိုရင် ယုံကြည်မှုတည်ဆောက်မှု လုပ်ငန်းတွေမှာပိုပြီးတော့ ပီပြင်လာမယ် “ ဟု ဦးအေးလင် က ဂူတာပြင်ဖြစ်စဉ် တွင်  စစ်တရားရုံးမှာ တပ်မတော်သား ၃ ဦးကိုအမိန်ချမှတ်မှု နဲ့ပတ်သက်ပြီး ဖြေကြားခဲ့သည်။

အဲဒီဂူတာပြင်ဖြစ်စဉ်ဟာဆိုရင် ပြီးခဲ့တဲ့ ၂၀၁၈ခုနှစ် ၊ဖေဖော်ဝါရီလ ၁ရက်နေ့မှာ AP သတင်းဌာနက တင်ပြခဲ့တဲ့ သတင်းကနေ အစပြုခဲ့တာပါ။

အဲဒီသတင်းမှာတော့ ရခိုင်ပြည်နယ်၊ဘူးသီးတောင်မြို့နယ်၊ဂူတာပြင်ကျေးရွာဝန်းကျင်မှာ ရာနဲ့ချီတဲ့ရုပ်အ လောင်းတွေကို နေရာ ၅ နေရာမှာ အစုလိုက်အပြုံလိုက် မြှပ်ထားကြောင်း နဲ့ အဲဒီရုပ်အလောင်းတွေကို အက်စစ်လောင်း ပြီး ဖျောက်ဖျက်ဖို့ စီစဉ်ထားတာကြောင့် ရုပ်ပျက်ဆင်းပျက်ဖြစ်နေကြောင်း  AP သတင်းဌာနက ဖော်ပြခဲ့တာဖြစ်ပါတယ်။

အဲဒီလို AP သတင်းဌာနက ဖော်ပြခဲ့မှုအပေါ် အစိုးရက ငြင်းဆန်မှုတွေပြုလုပ်ခဲ့ပါသေးတယ်။

ဒါပေမယ့် အဲဒီနောက်ပိုင်းမှာတော့ ICOE အစီရင်ခံစာအရ တပ်မတော်က အမှုကိုစုံစမ်းစစ်ဆေးရာခဲ့ရာမှ အခုလို အရာရှိကြီးတစ်ဦး၊အရာရှိတစ်ဦးနဲ့ စစ်သည် တစ်ဦးတို့ကို အရေးယူခဲ့တာလည်းဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly