တရုတ်က ထုတ်လုပ်နေသည့် COVID-19 ကာကွယ်ဆေး အရေးပါသော အဆင့်သို့ ရောက်

တရုတ်က ထုတ်လုပ်နေသည့် COVID-19 ကာကွယ်ဆေး အရေးပါသော အဆင့်သို့ ရောက်

ဇွန် ၂၆

တရုတ်ကုမ္ပဏီတစ်ရပ်က ယူအေအီးနိုင်ငံတွင် ထုတ်လုပ်နေသော COVID-19 ရောဂါအား ဗိုင်းရပ်စ်၏ အစွမ်းကို  သတ်ပစ်ကာ ကာကွယ်တားဆီးသည့် ကာကွယ်ဆေး (inactivated vaccine) ကို အင်္ဂါနေ့တွင် လက်တွေ့စမ်းသပ်မှု အဆင့်သုံးသို့ စတင်ခြင်းနှင့်အတူ အရေးပါသည့် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

အဆိုပါ inactivated vaccine ကာကွယ်ဆေးများတွင် တရုတ်က ယခု ထုတ်လုပ်နေသော ကာကွယ်ဆေးသည် လူများစွာတွင် ထိုးနှံစမ်းသပ်သည့် နောက်ဆုံးအဆင့်သို့ ပထမဆုံး ရောက်ရှိလာသည့် ကာကွယ်ဆေးဖြစ်ကြောင်း China National Biotec Group (CNBG) က ဆိုသည်။

တရုတ်အာဏာပိုင်များသည် နိုင်ငံ၏ ပထမဆုံးဖြစ်သော COVID-19 အား ပေါင်းစပ်ပရိုတင်းနည်းဖြင့် ကာကွယ်ဆေး (recombinant protein vaccine) ကို ပထမဆုံး လက်တွေ့စမ်းသပ်မှုအား သောကြာနေ့က အတည်ပြုပေးခဲ့သည်ဟု Institute of Microbiology of the Chinese Academy of Sciences ကလည်း အင်္ဂါနေ့က ထုတ်ပြန်ချက်တစ်ရပ်၌ ဖော်ပြထားသည်။

အဆိုပါ recombinant protein vaccine ကာကွယ်ဆေးသည် မျိုးဗီဇပြုပြင် ဗိုင်းရပ်စ်များဖြင့် ကိုရိုနာဗိုင်းရပ်စ်ကို တိုက်ထုတ်သည့် ကာကွယ်ဆေး (adenovirus vector vaccine) နှင့် inactivated vaccine တို့ ပြီးလျှင် တရုတ်နိုင်ငံ၌ လက်တွေ့စမ်းသပ်မှု လုပ်ဆောင်လာနိုင်ခဲ့သည့် တတိယမြောက် ကာကွယ်ဆေးအမျိုးအစားဖြစ်ကြောင်း ယင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

CNBG အုပ်စု၏ ဝူဟန်နှင့် ပေကျင်း သုတေသနစင်တာများကလည်း inactivated vaccine ကာကွယ်ဆေးကို အသီးသီး ထုတ်လုပ်လျက် ရှိပြီး ယင်း ကာကွယ်ဆေးကို ပထမစမ်းသပ်မှု၌ လူပေါင်း ၂၂၄၀ ဦးတွင် စမ်းသပ်ခဲ့ကာ လက်တွေ့စမ်းသပ်မှုနှစ်ကြိမ်လည်း ပြုလုပ်ခဲပြီးဖြစ်သည်ဟု CNBG က ဆိုသည်။

ဝူဟန်စင်တာမှ ထုတ်လုပ်သည့် ကာကွယ်ဆေးသည် ထိရောက်မှုရှိကာ ဘေးကင်းသကဲ့သို့ ပြင်းထန်သည့် ဘေးသက်ရောက်မှုများ မရှိကြောင်း ဇွန် ၁၆ ရက်က ထုတ်ပြန်သည့် စမ်းသပ်မှု ရလဒ်အရ သိရသည်။

အဆိုပါ ကာကွယ်ဆေးကို ဆေးပမာဏနှင့် အချိန် အမျိုးမျိုး ပေးကာ တိုက်ကျွေးစမ်းသပ်ခဲ့ခြင်း ဖြစ်သည်။ အသက် ၁၈ မှ ၅၉ နှစ်ရှိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ထားသူ အုပ်စုကို ၂၈ ရက် စပ်ကြားကာလတွင် ဆေးနှစ်ကြိမ် ပေးကာ စမ်းသပ်ခဲ့ခြင်း ဖြစ်သည်။

ပေကျင်း သုတေသနစင်တာမှ ထုတ်လုပ်သည့် ကာကွယ်ဆေး၏ ရလဒ်ကို ဇွန် ၂၈ ရက်တွင် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း CNBG က ပြောသည်။ တတိယအဆင့် လက်တွေ့စမ်းသပ်မှုကို ယူအေအီး ကျန်းမာရေးနှင့် ကာကွယ်တားဆီးရေး ဝန်ကြီးဌာနက အတည်ပြုထားပြီ ဖြစ်သော်လည်း မည်သည့် ကာကွယ်ဆေးကို စမ်းသပ်မည်ဆိုခြင်းအား မသိရသေးပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly