ရခိုင်နှင့် ပလက်ဝဒေသ   အင်တာနတ်ဖြတ်တောက်ခံရမှု တစ်နှစ်ပြည့်ပြီ

ရခိုင်နှင့် ပလက်ဝဒေသ   အင်တာနတ်ဖြတ်တောက်ခံရမှု တစ်နှစ်ပြည့်ပြီ
ဓာတ်ပုံ-သူရ(မဇ္ဈိမ)

ဇွန် ၂၁

တပ်မတော်နှင့် ရခိုင့်တပ်အေအေတို့အကြား လက်နက်ကိုင် ပဋိပက္ခနှင့် ဆက်နွယ်လို့ ရခိုင်မြောက်ပိုင်းနှင့် ချင်းပြည်နယ် ပလက်ဝဒေသတို့တွင် အစိုးရ၏ အင်တာနက်ဖြတ်တောက်ထားမှုသည် ယနေ့ ဇွန်လ ၂၁ ရက်နေ့မှာ တစ်နှစ်ပြည့်ခဲ့ပြီ ဖြစ်သည်။

ထိုသို့အင်တာနက်ဖြတ်တောက်ထားခြင်းကြောင့် ပဋိပက္ခဇုန်ထဲမှ လူဦးရေ တစ်သန်းကျော်ခန့်သည် ကျန်းမာရေး ပညာရေး၊ ဆက်သွယ်ရေးအပိုင်းများတွင် ထိခိုက်နစ်နာနေသည့်အတွက် အင်တာနက်ပြန်ဖွင့်ပေးရန် ရခိုင်နိုင်ငံရေးပါတီများနှင့် အရပ်ဖက်အဖွဲ့အစည်းများက ထောက်ပြတောင်းဆိုနေကြခြင်း ဖြစ်သည်။

ဓာတ်ပုံ-သူရ(မဇ္ဈိမ)

ရခိုင်နှင့် ချင်းပြည်နယ် ပလက်ဝဒေသတို့တွင် အင်တာနက်ပြန်ဖွင့်ပေးရန် ဇွန်လ ၂၁ ရက်နေ့ နံနက်ပိုင်းက တက်ကြွလှုပ်ရှားသူ လူငယ်တစ်စုက ရန်ကုန်မြို့ ဆူးလေဂုံးကျော်တံတားမှာ ဗီနိုင်းကပ်လှုပ်ရှားမှုတစ်ခု ပြုလုပ်ခဲ့ကြသေးသည်။

ယင်းအပြင် ကပ်ဘေးကာလမှာ ကိုဗစ် ၁၉ ကူးစက်ပျံ့ပွားမှုကို တားဆီးကာကွယ်ဖို့ နောက်ဆုံးဖြစ်ပေါ်သော သတင်းအချက်အလက်များကို လူတိုင်းရရှိသင့်ကြောင်း မြန်မာနိုင်ငံအတွင်းရှိ သံတမန်အဖွဲ့အစည်း ၁၀ ကျော်ကလည်း ယနေ့ကြေညာချက် ထုတ်ပြန်လိုက်သည်။

လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ကလည်း ရခိုင်နှင့် ချင်းပြည်နယ်က မြို့နယ် ရှစ်မြို့နယ်တွင် အင်တာနက်ပိတ်ပင်ထားချက်အားလုံးကို မြန်မာအစိုးရက ချက်ချင်းရုပ်သိမ်းသင့်ကြောင်း ဇွန်လ ၁၉ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

လူမျိုးရေးအသွင်ဆောင်သော အမုန်းစကားများကို ထိန်းချုပ်ရန် လုပ်ခြင်းဖြစ်ကြောင်း ပထမအကြိမ်ဖြတ် တောက်ချိန်တွင် အစိုးရက ပြောခဲ့သည်။

သို့သော်လည်း အင်တာနက်ဖြတ်တောက်ပြီးနောက်ပိုင်းမှာ တိုက်ပွဲပိုများလာခြင်း၊ လူ့အခွင့်အရေးချိုးဖောက်မှုများလည်း ပိုရှိလာသည့်အတွက် အစိုးရအနေဖြင့် ထိုကိစ္စရပ်များအပေါ် သတိမူရန်လိုအပ်ကြောင်း ရခိုင်ရှေ့ဆောင်အမျိုးသမီးများအဖွဲ့ ဥက္ကဌ စောစံငြိမ်းသူက ပြောသည်။

စောစံငြိမ်းသူက “အင်တာနက်ဖြတ်တောက်ပြီးတဲ့နောက်မှာ ပိုပြီးတော့မှ အခြေအနေတွေ ဆိုဝါးလာတဲ့ဟာကို အစိုးရက သတိမူဖို့အတွက်ကို ကျွန်မတို့က ထောက်ပြထားတာ ရှိပါတယ်။ ဒီအင်တာနက်ဖြတ်ပြီးနောက်မှာ အင်တာနက်မဖြတ်တဲ့အချိန်ထက် ပိုပြီးတော့မှ လူ့အခွင့်ရေး ချိုးဖောက်မှုတွေလဲ ရှိလာတယ်။ တိုက်ပွဲတွေကလဲ ပိုပြီးတော့မှ များပြားလာတယ်။ တစ်ဖက်မှာလည်း စီးပွားရေးအခက်အခဲအကျပ်အတည်းတွေက ပိုပြီးတော့ရှိလာတယ်ပေါ့။” ဟု ပြောသည်။ 

ထပ်ပြီးအင်တာနက်ဖြတ်တောက်ထားပါက လူ့အခွင့်ရေးချိုးဖောက်မှုနှင့်အတူ စီးပွားရေးအကျပ်အတည်းကို စစ်ဘေးရှောင်ပြည်သူများက ပိုမိုဆိုးဝါးစွာ ခံစားလာရနိုင်ကြောင်းလည်း ၄င်းကဆိုသည်။

လက်ရှိတွင် အင်တာနက်ဖြတ်တောက်ခံထားရသော ရခိုင်မြောက်ပိုင်းနှင့် ချင်းပြည်နယ် ပလက်ဝဒေသတို့တွင် စစ်ဘေးရှောင် ဒုက္ခသည်ဦးရေ နှစ်သိန်းခန့်ရှိနေကြောင်း ရခိုင်အခြေစိုက်လူမှုကူညီရေး ဆောင်ရွက်နေသူများထံမှ သိရသည်။

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ဇွန်လ ၂၁ ရက်နေ့တွင် ရခိုင်ပြည်နယ်အတွင်းမှ ဘူးသီးတောင်၊ မောင်တော၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ မင်းပြား၊ မြေပုံ၊ မြောက်ဦးနှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့ကို အစိုးရက အင်တာနက်ဖြတ်တောက်ခဲ့ခြင်း ဖြစ်သည်။

ယင်းနောက် ၂၀၁၉ စက်တင်ဘာလထဲမှာ မြို့နယ်ငါးခုကို အင်တာနက်ပြန်ဖွင့်ပေးခဲ့သော်လည်း ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလမှာ ထပ်မံဖြတ်တောက်ခံလိုက်ရသည်။

လက်ရှိတွင် မေလ ၃ ရက်နေ့က ရခိုင်ပြည်နယ် မောင်တောမြို့နယ်တစ်ခုတည်းကိုသာ အင်တာနက်ပြန်ဖွင့် ပေးခဲ့ပြီး ကျန်သည့်ရခိုင်ပြည်နယ်က မြို့နယ် ခုနှစ်ခုနှင့် ချင်းပြည်နယ် ပလက်ဝဒေသများတွင် အင်တာနက်ပိတ်ထားဆဲလည်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly