အိန္ဒိယတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု စံချိန်တင်မြင့်တက်၊ ဆေးဝန်ထမ်းအားလုံးကို ခွင့်ယူခွင့် မပေး

အိန္ဒိယတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု စံချိန်တင်မြင့်တက်၊ ဆေးဝန်ထမ်းအားလုံးကို ခွင့်ယူခွင့် မပေး

ဇွန် ၂၁

အိန္ဒိယနိုင်ငံတွင် မြို့တော် နယူးဒေလီရှိ အစိုးရက ဆေးရုံများသို့ ဝန်ထမ်းများအားလုံးအား မည်သည့် ခွင့်မှ မပေးရန်နှင့် ချက်ချင်းလုပ်ငန်းခွင်ဝင်ရန် အမိန့်ပေးပြီး နောက်တစ်ရက် စနေနေ့တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု စံချိန်တင်မြင့်တက်သည်။

အိန္ဒိယတွင် COVID-19 ဖြစ်ပွားမှု ၁၄၅၁၆ မှု ဖြစ်ပွားခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပြီးနောက် စုစုပေါင်း ကူးစက်ဖြစ်ပွားသူပေါင်း ၃၉၅၀၄၇ ဦး ရှိကာ သေဆုံးသူ ၁၂၉၄၈ ဦး ရှိသည်။

လက်ရှိတွင် အိန္ဒိယသည် ကမ္ဘာပေါ်တွင် အမေရိကန်၊ ဘရာဇီးနှင့် ရုရှတို့ပြီးလျှင် စတုတ္ထမြောက် ကူးစက်ဖြစ်ပွားမှု အများဆုံးနိုင်ငံ ဖြစ်နေသည်။

အစိုးရဆေးရုံအားလုံးသို့ သောကြာနေ့က အမိန့်ညွှန်ကြားချက်တွင် ဒေလီအစိုးရက ခွင့်အားလုံးကို ပယ်ဖျက်ကြောင်း အမိန့်ထုတ်ထားပြီး နောက်ထပ် ခွင့်ယူခြင်းများကိုလည်း အလွန်ကို လက်သင့်ခံနိုင်သည့် အခြေအနေမျိုးမှ ခွင့်ပြုလိမ့်မည်ဟု ဆိုထားသည်။

နယူးဒေလီနှင့် မွမ်ဘိုင်းကဲ့သို့သော မြို့ကြီးများက ဆေးရုံများသည် ဒုက္ခဖိစီးလာတော့မည်ဟု စိုးရိမ်မှုများ ရှိနေသည့်ကြားတွင် နိုင်ငံတော်တော်များများက အိန္ဒိယမှ ၎င်းတို့၏ နိုင်ငံသားများကို ဆက်လက်ကယ်ထုတ်လျက် ရှိသည်။

အိန္ဒိယတွင် ကူးစက်မှု ထိုးတက်နေခြင်းကြောင့် ဆေးအကူအညီ ပေးရန် ခက်ခဲလိမ့်မည်ဖြစ်ကြောင်း အိုင်ယာလန်နိုင်ငံက နောက်ဆုံးနိုင်ငံအနေဖြင့် သတိပေးလာပြီး လာမည့် သီတင်းပတ်များအတွင်း ကယ်ထုတ်ရေးလေယာဉ်များဖြင့် လိုက်ပါရန် စဉ်းစားကြဖို့ အိန္ဒိယနိုင်ငံရောက် ၎င်း၏ နိုင်ငံသားများကို တိုက်တွန်းပြောဆိုသည်။

ရိုက်တာက မြင်တွေ့ခွင့်ရသော အီးမေးလ်အရ အိုင်ယာလန်သံရုံး ဒုတိယအတွင်းဝန် မာယာတင်ကိုရိုနင်က COVID-19 ကြောင့် ဆေးကုသမှု ခံနေရသူနှင့် အခြား ရောဂါဖြင့် ကုသမှု ခံယူနေရသည့် ၎င်းတို့ နိုင်ငံသားများကို လာမည့် ကာလများအတွင်း အခြေအနေများ ပို၍ ခက်ခဲလိမ့်မည်ဟု သတိပေးထားသည်။

မတ်လမှ စတင်ကာ ဂျာမနီ၊ ပြင်သစ်၊ အီတလီ၊ ဘယ်ဂျီယံ၊ နယ်သာလန်၊ ယူကရိန်း၊ အစ္စရေး၊ တရုတ်နှင့် မလေးရှားနိုင်ငံတို့အပါအဝင် နိုင်ငံများစွာက ၎င်းတို့၏ နိုင်ငံသားများကို ကယ်ထုတ်ခွင့် ခွင့်ပြုပေးရေးအတွက် အိန္ဒိယအစိုးရထံ ချည်းကပ်လျက် ရှိနေသည်ဟု ပြည်တွင်းမီဒီယာများက ဖော်ပြကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly