ပေကျင်း၌ ရောဂါပြန်လည်ဖြစ်ပွားပြီးနောက် ဈေးများ၌သန့်ရှင်းရေးတိုးမြှင့်လုပ်ဆောင်ရမည်ဟု တရုတ်အစိုးရပြော

18 June 2020
ပေကျင်း၌ ရောဂါပြန်လည်ဖြစ်ပွားပြီးနောက် ဈေးများ၌သန့်ရှင်းရေးတိုးမြှင့်လုပ်ဆောင်ရမည်ဟု တရုတ်အစိုးရပြော

ဇွန် ၁၈

ပေကျင်းတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုအသစ်တွေ့ရှိပြီးနောက် တရုတ်နိုင်ငံရှိ လက်ကားစားနပ်ရိက္ခာဈေးများတွင် သန့်ရှင်းမှုစံချိန်စံညွှန်းနိမ့်ခြင်းနှင့် ရိက္ခာဖြန့်ဖြူးမှုကွင်းဆက်အားနည်းခြင်းများကို အရေးတကြီးကိုင်တွယ်ဖြေရှင်းရန် လိုအပ်သည်ဟု အာဏာရကွန်မြူနစ်ပါတီဦးဆောင်အဖွဲ့က ပြောသည်။

ပြီးခဲ့သည့် သီတင်းပတ်က မြို့တော်ပေကျင်းတွင် ကိုဗစ်-၁၉ ရောဂါပြန်လည်ဖြစ်ပွားမှုကြောင့် လူ ၁၀၀ ကျော်ကူးစက်ခံခဲ့ရပြီး ရောဂါထပ်မံပြန့်ပွားမှုအတွက်လည်း စိုးရိမ်မှုမြင့်တက်လျက်ရှိသည်။ ထိုသို့ရောဂါပြန်လည်ဖြစ်ပွားလာမှုသည် Xinfadi စားနပ်ရိက္ခာဈေးနှင့်စပ်ဆက်နေသည်။

စည်းမျဉ်းစည်းကမ်းထိန်းသိမ်းရေးဗဟိုကော်မရှင် (CCDI) က “ ကပ်ရောဂါဟာ ဈေးရဲ့ ညစ်ပေရှုပ်ပွမှုနဲ့စီမံခန့်ခွဲမှုညံ့ဖျင်းခြင်းရဲ့ ရောင်ပြန်ဟပ်မှုတစ်ခုဖြစ်ပါတယ်” ဟု ၎င်းတို့၏ဝက်ဘ်ဆိုက်တွင် ဗုဒ္ဓဟူးနေ့က ရေးသားခဲ့သည်။ ဈေးအများစုသည် ရေနုတ်မြောင်းနှင့်ရေးဆိုးသန့်စင်မှုစနစ်မဖွံ့ဖြိုးသေးသည့် လွန်ခဲ့သော နှစ်ပေါင်း ၂၀ နှင့် ၃၀ အကြားက ဆောက်ထားခဲ့သည်ဟု CCDI ၏အစီရင်ခံစာတွင် ရေးသားထားသည်။

ဈေးများသည် သိုလှောင်ခြင်း၊ သယ်ယူပို့ဆောင်ခြင်းနှင့်ရောင်းချခြင်းဆိုင်ရာ မှတ်တမ်းမှတ်ရာများအပါအဝင် ရင်းမြစ်ခြေရာခံစနစ်များကို အကောင်အထည်ဖော်ပြီး နိုင်ငံတကာအလေ့အကျင့်အတိုင်း လိုက်နာဆောင်ရွက်ရမည်ဟု တရုတ်စိုက်ပျိုးရေးတက္ကသိုလ်မှ ပါမောက္ခ Yufa က ပြောသည်။

ဝူဟန်ပြည်နယ်အာဏာပိုင်များသည် ရောဂါကူးစက်မှုရင်းမြစ်အသစ်များကို စစ်ဆေးရန် စားနပ်ရိက္ခာဈေး ၁၁၄ ခုနှင့် စူပါမားကတ် ၁၀၇ ခုမှ ကိရိယာပစ္စည်းများ၊ စင်းတီတုံးများနှင့် ရေနုတ်မြောင်းများမှ နမူနာပစ္စည်း ၃ ၀၀၀ ကို ယူခဲ့ကြသည်။

တိုင်းရင်းဆေးပညာတွင် တောရိုင်းတိရစ္ဆာန်ထုတ်ကုန်အသုံးပြုမှုများကို ခွင့်ပြုထားဆဲဖြစ်သော်လည်း  တရုတ်အစိုးရသည် ရောဂါကူးစက်မှုလျှော့ချရန်အတွက် ၎င်းတို့ကို စားသုံးခြင်းနှင့်ကုန်သွယ်မှုကို တားမြစ်ရန် ကတိပေးထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly