ကိုဗစ်-၁၉ ရောဂါကူးစက်မှုများပြားလာသော ပေကျင်း၌ သတိပေးချက်တိုးမြှင့်

ကိုဗစ်-၁၉ ရောဂါကူးစက်မှုများပြားလာသော ပေကျင်း၌ သတိပေးချက်တိုးမြှင့်

ဇွန် ၁၇

ပေကျင်း၌ ကိုဗစ်-၁၉ ရောဂါကူးစက်မှုအသစ်များကို ဗုဒ္ဓဟူးနေ့တွင် ခြောက်ရက်မြောက် ဆက်တိုက်ကူးစက်မှုအဖြစ် တွေ့ရှိခဲ့ပြီး ထိုသို့ရောဂါထပ်မံဖြစ်ပွားမှုက ဗိုင်းရပ်စ်တားဆီးရေးအတွက် တင်းကျပ်သောစည်းမျဉ်းများ ပြန်လည်ချမှတ်ရန် မြို့အာဏာပိုင်များကို တွန်းအားဖြစ်စေခဲ့သည်။

ဇွန်လ ၁၆ ရက်က ရောဂါကူးစက်သူ ၃၁ ဦးတွေ့ရှိခဲ့ပြီး ပြီးခဲ့သည့် ကြာသပတေးနေ့မှစတင်ရေတွက်လျှင် ၁၃၇ ဦးအထိ ကူးစက်ခံထားရပြီဖြစ်ကာ ဖေဖော်ဝါရီလအစောပိုင်းနောက်ပိုင်း ပေကျင်းတွင် အဆိုးရွားဆုံး ရောဂါပြန် လည်ဖြစ်ပွားမှုပင်ဖြစ်သည်။

ပေကျင်းတွင် အရေးပေါ်တုံ့ပြန်မှုဒုတိယအမြင့်ဆုံးဖြစ်သည့် အဆင့် နှစ် အဖြစ် အာဏာပိုင်များကသတ်မှတ်ခဲ့သည်။ အစောပိုင်း ၁၀ ရက်ကပင် အဆင့်သုံးမှ အဆင့်နှစ်သို့ လျှော့ချခဲ့ရာ ယခုပြန်လည်ကာ သတိပေးချက်တိုး မြှင့်သတ်မှတ်လိုက်ခြင်းဖြစ်သည်။

ရပ်ကွက် ၂၇ ခုကိုလည်း အလယ်အလတ်အန္တရာယ်ရှိသောဒေသများအဖြစ် သတ်မှတ်လိုက်ပြီး လူများကို အပူချိန်စစ်ဆေးခြင်းနှင့် မှတ်တမ်းတင်ခြင်းများပြုလုပ်လျက်ရှိသည်။ နောက်ဆုံးရောဂါကူးစက်မှုဖြစ်ပွားခဲ့သည့် လက်ကားစားနပ်ရိက္ခာဈေးရုံကြီးအနီးရပ်ကွက်ကို အန္တရာယ်များသောဧရိယာအဖြစ် သတ်မှတ်ထားသည်။

အဆင့်နှစ်သတ်မှတ်ချက်အရ မြို့လမ်းများနှင့်အဝေးပြေးလမ်းများကို ဆက်လက်ဖွင့်ထားမည်ဖြစ်ပြီး ကုမ္ပဏီများနှင့်စက်ရုံများလည်း လုပ်ငန်းဆက်လက်လည်ပတ်နိုင်မည်ဖြစ်သည်။ လူနေရပ်ကွက်များတွင်လည်း အလုံးစုံ ကန့်သတ်မှုများမရှိပေ။

သို့သော် မြို့အဝင်အထွက်ကို တင်းကျပ်စွာထိန်းချုပ်ထားပြီး ကိုဗစ်-၁၉ စမ်းသပ်စစ်ဆေးမှု ခံယူရသည်။ အန္တရာယ်များသောဒေသအဖြစ်သတ်မှတ်ထားသောရပ်ကွက်များသည် ကန့်သတ်စောင့်ကြည့်ခြင်းခံရပြီး ရောဂါစစ် ဆေးမှုခံယူရသည်။ မူကြိုကျောင်း၊ မူလတန်းနှင့်အထက်တန်းကျောင်းများအားလုံးကိုမူ ပိတ်ထားသည်။

ပေကျင်းအနောက်တောင်ပိုင်းရှိ ဟင်းသီးဟင်းရွက်၊ အသားငါးနှင့် သစ်သီးဝလံများရောင်းချသော လက်ကားဈေးကြီး Xinfadi မှ ရောဂါခြေရာခံနိုင်ခဲ့ခြင်းဖြစ်သည်။ ယမန်နှစ် ဒီဇင်ဘာလက ဝူဟန်ပင်လယ်စာဈေးတွင်  ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုစတင်တွေ့ရှိခဲ့ပြီး ကမ္ဘာတစ်ဝန်းသို့ ပျံ့နှံ့ခဲ့ရာ လူပေါင်း ရှစ်သန်းထက်မနည်း ကူးစက်ခံခဲ့ရသည်။

ပေကျင်းတွင်တွေ့ရှိရသော နောက်ဆုံးရောဂါဖြစ်ပွားမှုသည် ဒေသတွင်းကူးစက်မှုဖြစ်ပြီး ကူးစက်ရာရင်းမြစ်မှာ ရှင်းလင်းသောကြောင့် ဝူဟန်အခြေအနေနှင့်မတူညီကြောင်း၊ အာဏာပိုင်များအနေဖြင့် အခြေအနေကို ပို၍ အလွယ်တကူထိန်းချုပ်နိုင်ကြောင်း နိုင်ငံပိုင်မီဒီယာတွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly