အိန္ဒိယ-တရုတ် နယ်စပ်၌ နှစ်ဘက်တပ်များ ရန်ပွဲဖြစ်ပွားမှုတွင် အိန္ဒိယစစ်သား ၂၀ ဦးအထိ သေဆုံးခဲ့

အိန္ဒိယ-တရုတ် နယ်စပ်၌ နှစ်ဘက်တပ်များ ရန်ပွဲဖြစ်ပွားမှုတွင် အိန္ဒိယစစ်သား ၂၀ ဦးအထိ သေဆုံးခဲ့

ဇွန် ၁၇

တရုတ်-အိန္ဒိယနှစ်နိုင်ငံအကြားရှိအငြင်းပွားနယ်စပ်နေရာတစ်ခု၌ ပြီးခဲ့သည့် ဇွန်လ ၁၅ ရက်က နှစ်ဘက်တပ်ဖွဲ့ဝင်များအကြား ပြင်းထန်သည့် ခိုက်ရန်ဖြစ်ပွားမှုဖြစ်စဉ်တစ်ခုပေါ်ပေါက်ခဲ့ရာ အိန္ဒိယစစ်သား ၂၀ ဦးအထိ သေဆုံးခဲ့ကြောင်း အိန္ဒိယစစ်တပ်က ဇွန်လ ၁၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ဟိမ၀န္တာအနောက်ပိုင်းတွင် နှစ်ဘက်အကြား သီတင်းပတ်များစွာကြာ လိပ်ခဲတည်းလည်း အခြေအနေများ ဖြစ်ပေါ်ခဲ့ပြီးနောက်ပိုင်း အဆိုပါ နှစ်ဘက်တပ်ဖွဲ့ဝင်များ ခိုက်ရန်ဖြစ်ပွားမှုက အဓိက တင်းမာမှု ဖြစ်စဉ်တစ်ခု ဖြစ်လာခဲ့သည်။

အစောပိုင်းက အဆိုပါ နှစ်ဘက်တပ်များအကြား ရန်ပွဲကြောင့် အိန္ဒိယဘက်မှ ဗိုလ်မှူးကြီးတစ်ဦးနှင့် စစ်သား နှစ်ဦးတို့ သေဆုံးခဲ့ကြောင်းနှင့် အခြေအနေတင်းမာမှုကို ပြေလျော့စေရန် နှစ်ဘက် အဆင့်မြင့်စစ်ဘက်အရာရှိကြီးများ ဆွေးနွေးညှိနှိုင်းနေကြောင်း အိန္ဒိယက ထုတ်ပြန်ခဲ့သည်။

ယင်းနောက်ပိုင်း ရန်ပွဲကြောင့် အိန္ဒိယဘက်မှ စစ်သား ၂၀ ဦးအထိ သေဆုံးကြောင်း အိန္ဒိယစစ်တပ်က ထပ်မံထုတ်ပြန်လာခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ခိုက်ရန်ဖြစ်ပွားမှုဖြစ်စဉ်သည် နှစ်ပေါင်း ၄၅ နှစ်နီးပါးအတွင်း နှစ်နိုင်ငံအကြား အဆိုးရွားဆုံးသော နယ်စပ် တင်းမာမှုဖြစ်စဉ်လည်း ဖြစ်သည်။

ထို့ပြင် အဆိုပါ နှစ်ဘက်တပ်များအကြား ရန်ပွဲကြောင့် တရုတ်ဘက်တွင်လည်း သေဆုံး၊ ထိခိုက်ဒဏ်ရာရသူများ ရှိခဲ့ကြောင်း အိန္ဒိယက ပြောသည်။

သို့ရာတွင် အဆိုပါ ရန်ပွဲတွင် တရုတ်ဘက်မှ လူမည်မျှ သေဆုံး သို့မဟုတ် ထိခိုက်ဒဏ်ရာရခဲ့သည် ဆိုသည်နှင့်ပတ်သက်၍ တရုတ်ဘက်က တရားဝင် အတည်ပြုထုတ်ပြန်ခြင်း မရှိခဲ့ပေ။

ကျောက်တုံးများ၊ တုတ်များ ပါဝင်သည့် အဆိုပါ ရန်ပွဲသည် ပြီးခဲ့သည့် ဇွန်လ ၁၅ ရက် ညပိုင်း Galwan တောင်ကြားတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

အိန္ဒိယနှင့် တရုတ်သည် LAC နယ်စပ်ထိန်းချုပ်မျဉ်းတစ်လျှောက် အငြင်းပွားမှုများ ရှိနေခဲ့ပြီး ပြီးခဲ့သည့် ကာလအတွင်း အဆိုပါနယ်စပ်ဒေသသို့ နှစ်ဘက်စစ်တပ်များက စစ်သည်များနှင့် စစ်လက်နက်ပစ္စည်းများ အင်အားတိုးမြှင့်ချထားမှုကိုလည်း လုပ်ဆောင်ထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly