နိုင်ငံသို့ ဝင်ရောက်ခွင့် တားမြစ်ချက် ဖြေလျှော့ရေး မဆုံးဖြတ်ရသေးဟု ဂျပန်နိုင်ငံခြားရေးဝန်ကြီးပြော

နိုင်ငံသို့ ဝင်ရောက်ခွင့် တားမြစ်ချက် ဖြေလျှော့ရေး မဆုံးဖြတ်ရသေးဟု ဂျပန်နိုင်ငံခြားရေးဝန်ကြီးပြော

ဇွန် ၁၅

နိုင်ငံသို့ ဝင်ရောက်ခွင့် ပိတ်ပင်တားမြစ်ချက် ပြန်လည်ဖြေလျှော့ရန် အစိုးရဘက်က ဆုံးဖြတ်ထားပြီးပြီ ဆိုသည့် သတင်းများထွက်ပေါ်နေခြင်းသည် မှန်ကန်ခြင်း မရှိကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီး တိုရှီမစ်ဆု မိုတီဂီက ဇွန်လ ၁၅ ရက်တွင် ပြောကြားလိုက်သည်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု တားဆီးကာကွယ်ရန် ရည်ရွယ်ပြီး ဂျပန်အစိုးရသည် နိုင်ငံတချို့မှ ပြည်သူများအတွက် အဆိုပါ ဝင်ခွင့်တားမြစ်ချက်ကို ဖော်ဆောင်ထားခဲ့ခြင်းဖြစ်သည်။

ဂျပန်အနေဖြင့် ရှေ့လာမည့် လအနည်းငယ်တွင် သြစတြေးလျ၊ နယူးဇီလန်၊ ဗီယက်နမ် နှင့် ထိုင်းနိုင်ငံတို့နှင့်အကြား အလုပ်ကိစ္စ ခရီးသွားလာမှုများကို ပြန်စကောင်းစနိုင်ကြောင်း ပြီးခဲ့သည့်အပတ်တွင် Yomiuri daily သတင်းစာက ဖော်ပြခဲ့ခြင်း ဖြစ်သည်။

ဂျပန်အစိုးရအနေဖြင့် အမျိုးမျိုးသော အကြောင်းအချက်များကို ကျယ်ကျယ်ပြန့်ပြန့် ထည့်သွင်းစဉ်းစားပြီး နိုင်ငံသို့ ဝင်ရောက်ခွင့် ပိတ်ပင်ချက်များကို ဖြေလျှော့နိုင်မည့် နည်းလမ်းများကို စူးစမ်းရှာဖွေလျက် ရှိကြောင်း၊ အကယ်၍ ဖြေလျှော့မှုများ လုပ်ရန် ဆုံးဖြတ်ခဲ့ပါကလည်း ကန့်သတ်ပိတ်ပင်ချက်များကို တစ်ဆင့်ချင်းစီ ဖြေလျှော့သွားမည်ဖြစ်ကြောင်း မိုတီဂီက ပါလီမန်တွင် ပြောသည်။

ထို့ပြင် အမှန်တကယ် လိုအပ်သူများကို ခရီးသွားလာခွင့် ပြန်လည် ခွင့်ပြုနိုင်မည့် အလားအလာဖြစ်နိုင်ခြေများနှင့်ပတ်သက်၍ ဆွေးနွေးရန် ဗီယက်နမ်၊ သြစတြေးလျနှင့် နယူးဇီလန်တို့မှ နိုင်ငံခြားရေးဝန်ကြီးများနှင့် သဘောတူညီထားပြီးဖြစ်ကြောင်း မိုတီဂီက ပြောသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly