ကိုရိုနာဗိုင်းရပ်စ် ကာကွယ်သည့် ဒိုင်းအကာ တီထွင်ပြီး ဆံပင်ညှပ်သည့် ဆံသဆရာ

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်သည့် ဒိုင်းအကာ တီထွင်ပြီး ဆံပင်ညှပ်သည့် ဆံသဆရာ

ဇွန် ၁၁

အမေရိကန်နိုင်ငံ နယူးဂျာစီပြည်နယ်က ဆံသဆရာတစ်ဦးသည် COVID-19 ကပ်ဘေးအတွင်း သူ့ ဆိုင်ဝန်ထမ်းများနှင့် ဖောက်သည်များ ဘေးကင်းရေးအတွက် ဒိုင်းအကာ တီထွင်ပြီး ၎င်း၏ ဆိုင်ကို ပြန်ဖွင့်တော့ရန် ပြင်ဆင်နေသည်။

ယူနီယံစီးတီးမြို့မှ 201 Stylez ဆံသဆိုင် ပိုင်ရှင် အက်ဝင်ရာမီရက်ဇ်က ဆံသဆိုင် ပြန်ဖွင့်ခွင့်ရရေးအတွက် ပြည်နယ်အစိုးရ၏ အတည်ပြုချက်ကို စောင့်ဆိုင်းလျက် ရှိသည်။

ယင်းအချိန်တွင်းမှာပင် သူသည် ဆိုင်အတွင်း၌ ဗိုင်းရပ်စ်ကာကွယ်သည့် ဒိုင်းအကာဖြင့် ဆံပင်ညှပ်နိုင်သည့် Shiedls on Wheels ကို တီထွင်တပ်ဆင်ခြင်းဖြစ်သည်။

အဆိုပါ ဒိုင်းအကာမှာ ပလတ်စတစ်အကြည်သား အမာစားနှင့် အောက်ခံဘုတ်ပြားကြားတွင် လှစ်ဟနေပြီး ယင်းနေရာမှ လက်သွင်းကာ ဆံပင်ညှပ်ခြင်းဖြစ်၍ ဆံပင်ညှပ်သူနှင့် ဆံသဆရာကြားတွင် အကာတစ်ခုကဲ့သို့ ကာကွယ်ပေးထားခြင်း ဖြစ်သည်။

“ကျွန်တော် ပစ္စည်းအစိတ်အပိုင်းတွေကို ပေါင်းစပ်ပြီး တီထွင်တာ ဖြစ်တယ်။ ဒါဟာ ဘာလုပ်နိုင်မလဲလို့ ခင်ဗျားတို့ သိချင်မှာပဲ။ ဒီ ဒိုင်းအကာဟာ ဆံသဆရာတွေအတွက် မရှိမဖြစ်ဘဲ။”ဟု ရာမီရက်ဇ်က WPVI-TV သို့ ပြောသည်။

ရာမီရက်ဇ်သည် အဆိုပါ ဒိုင်းအကာ တီထွင်ရန်အတွက် ၎င်းပင် ပိုင်ဆိုင်သည့် လက်သမားပစ္စည်းဆိုင်တွင် လုပ်ကိုင်နေစဉ် စိတ်ကူးအကြံရခဲ့ခြင်း ဖြစ်သည်။

ထို ဆံသဆရာသုံး ဒိုင်းအကာကို တစ်နေ့လျှင် ခုရေ ၃၀ ခန့် ထုတ်လုပ်ပြီး ဆံသဆရာများနှင့် ဆံပြင်အလှပြင်ဆိုင်များသို့ တစ်ခုလျှင် အမေရိကန်ဒေါ်လာ ၃၀၀ ဖြင့် ရောင်းချလျက်ရှိသည်ဟု ၎င်းက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly