အမြင့်ကျွန်းကျေးရွာတွင် လက်နက်ကြီးကျည်ပေါက်ကွဲ၍ အမျိုးသမီး ၁ ဦးသေဆုံး၊ ၄ ဦးဒဏ်ရာရ

By နောင်နောင်၊စိုးသူအောင်
10 June 2020
အမြင့်ကျွန်းကျေးရွာတွင် လက်နက်ကြီးကျည်ပေါက်ကွဲ၍ အမျိုးသမီး ၁ ဦးသေဆုံး၊ ၄ ဦးဒဏ်ရာရ

ဇွန် ၁၀

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ် အမြင့်ကျွန်းကျေးရွာတွင် ဇွန်လ ၁၀ ရက်နေ့ ညဉ့်သန်းခေါင်ယံ ၁၂ နာရီခွဲ အချိန်ခန့်တွင် လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲ၍ အသက် ၉၀ အရွယ် အဖွားအိုတစ်ဦးသေဆုံးပြီး လူလေးဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

ယနေ့ ညဉ့်သန်းခေါင်ယံ ၁၂ နာရီကျော် အချိန်ခန့်တွင် အမြင့်ကျွန်းကျေးရွာ အနီးအနားရှိ မင်းချောင်းတံတားဘေးတွင် လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲသံကြားရပြီးနောက် နေအိမ်ပေါ်သို့ လက်နက်ကြီးများ ကျရောက်ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။

အမည်မဖော်လိုသော အမြင့်ကျွန်းကျေးရွာ ဒေသခံတစ်ဦးက " ပထမဆုံး လက်နက်ကြီးအသံတွေကြားရတယ်။ လက်နက်ငယ်တွေလည်း ဟိုဘက်ကပစ်၊ ဒီဖက်ပစ်ပေါ့။ အဲဒီနောက်ပိုင်း အဖွားအိုတစ်ဦးသေဆုံးတယ်။ လူတွေဒဏ်ရာရတယ်ဆိုပြီး သိရတယ်" ဟု ပြောသည်။

ထိုသို့ဒဏ်ရာရရှိသူ လေးဦးအနက် နှစ်ဦးမှာ ဒဏ်ရာပြင်းထန်သည့်အတွက် စစ်တွေပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း သိရသည်။

အဆိုပါ လက်နက်ကြီးကျည်သည် မည်သည့်ဖက်က ပစ်ခတ်သည်ကို မသိသလို တိုက်ပွဲဖြစ်ပွားခြင်း ရှိမရှိကိုလည်း တိတိကျကျမသိရှိကြောင်း ဒေသခံများက မဇ္ဈိမသို့ ပြောသည်။

“ မနေ့ညက တပ်မတော်ရေယာဉ်တွေအဲ့မှာ သွားနေတဲ့အချိန် အမြင့်ကျွန်းနားရောက်တဲ့အချိန်မှာ AA ကအဲ့ရွာနားလေးကနေပြီးတော့မှ ကျွန်တော်တို့ကို RPG တို့ဘာတို့ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ပစ်တယ်ဗျ။ ကျွန်တော်တို့ကပစ်တဲ့ဘက်ကို ပြန်ပြီးပစ်ခတ်ရတယ်။ ရေယာဉ်ပေါ်ပါတဲ့သူတွေလည်း ဒဏ်ရာရတာရှိတယ် “ တပ်မတော်သတင်းမှန်ပြန်ကြားရေး ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ထွန်းထွန်းညီကပြောသည်။

သို့သော် အရပ်သားထိခိုက်မှုမှာ မည်သည့်ဘက်မှပစ်ခတ်ခဲ့သည့်ကိုတော့ စုံစမ်းနေဆဲဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။ တပ်မတော်မှနေ၍ လာရောက်ပစ်ခတ်သည့်ဘက်ကို မဖြစ်မနေ ပြန်လည်ပစ်ခတ်ရသည်ဖြစ်၍ အချို့ဖြစ်စဉ်များတွင် အရပ်သားထိခိုက်မှုများ ရှိကောင်းရှိနိုင်သည်ဟုလည်း ဗိုလ်ချုပ်ထွန်းထွန်းညီကပြောသည်။

ဆက်လက်၍ ၎င်းက “ ဒီကိစ္စတွေက ခုနပြောသလို AA ကလုပ်တဲ့လုပ်ဆောင်ချက်တွေကြောင့်ဖြစ်နေတဲ့အခြေအနေတွေကြီးပဲဖြစ်နေတယ်။ သူတို့ကိုယ့်တိုင်းရင်းသားကိုယ် ပြန်ပြီး ဒုက္ခပေးသလိုဖြစ်နေတယ် “ ဟုဆိုသည်။

သို့သော် ရခိုင့်တပ်(AA) အဖွဲ့အနေဖြင့် အထက်ပါကိစ္စရပ်နှင့်ပက်သက်၍ သတင်းရေးသားချိန် ဇွန်လ ၁၀ ရက်နေ့ နေ့လယ်ပိုင်းအထိ တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုသေးခြင်းမျိုးမရှိသေးပေ။

သေဆုံးသွားသော အသက် ၉၀ အရွယ် ဒေါ်ဂျော်ဂျီမကို ကျေးရွာမှာပဲ ယနေ့မနက်ပိုင်းက င်္သဂြုလ်ခဲ့ကြပြီး ဒေသခံတချို့လည်း နေရပ်စွန့်ခွာ ထွက်ပြေးနေကြောင်း သိရသည်။

ပြီးခဲ့သည့် ဧပြီလ ၁၃ ရက်နေ့ကလည်း ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်ကျောက်ဆိပ်ကျေးရွာတွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ၍ လူ ခုနှစ်ဦးသေဆုံးပြီး ရှစ်ဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့ကြသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရခိုင့်တပ်AAတို့ တိုက်ပွဲဖြစ်ပွားနေသည်မှာ တစ်နှစ်ကျော်ကြာမြင့်နေပြီဖြစ်ကာ အရပ်သားသေဆုံးမှုလည်း နေ့စဉ်မြင့်တက်လာနေသည်။
ယင်းအပြင် ဒေသခံ နှစ်သိန်းခန့်လောက် စစ်ဘေးရှောင်စခန်းများတွင် ခိုလှုံနေကြရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly