ရွေးကောက်ပွဲ

သန့်ဇော်(သန်လျင်)

ကမ္ဘာ့နိုင်ငံအသီးသီးတွင် ရွေးကောက်ပွဲများလုပ်ကြသည့်အခါ သက်ဆိုင်ရာ ပါတီအဖွဲ့အစည်းများသည် မိမိပါတီနေရာရဖို့ မဲအများစုအနိုင်ရဖို့ အစွမ်းကုန်ကြိုးစားကြသည့် မြင်ကွင်းများကို နိုင်ငံတကာ ရုပ်/သံ များတွင် မြင်ဖူးကြပေမည်။ မြန်မာနိုင်ငံတွင်လည်း ၂၀၁၀၊ ၂၀၁၅ ခုနှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲ ၏  အတွေ့အကြုံများကို မြန်မာနိုင်ငံသားများ တွေ့ကြုံပြီး၊ ခံစားပြီး၊ သိမြင်ပြီးဖြစ်သည်ကို အထူး ပြောစရာမလိုပေ။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ ကျင်းပခဲ့ရာတွင် ပါဝင်ယှဉ်ပြိုင်သည့် ကိုယ်စားလှယ်လောင်းများကို သက်ဆိုင်ရာ ပါတီများမှ မည်သို့ရွေးချယ်ခဲ့သည်၊ မဲဆွယ်စည်းရုံးမှုများကို မည်သို့ပြုလုပ်ခဲ့သည်၊ အောင်နိုင်ရေးကို မည်သို့ပြုလုပ်ခဲ့သည် ဆိုသည်များကိုလည်း သိရှိခဲ့ပြီး ဖြစ်သည်။ ၂၀၁၅ ရွေးကောက်ပွဲ အနိုင်ရကိုယ်စားလှယ်များကလည်း လွှတ်တော်အသီးသီးတွင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအရ ၇၅ ရာနှုန်းသာ ထိုင်ခုံနေရာရသည်ကိုလည်း နိုင်ငံသားအားလုံး သိရှိကြသည်။

ယခု ၂၀၂၀ ရွေးကောက်ပွဲ၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ရွေးကောက်ပွဲလုပ်ငန်းစဉ်များကို ချမှတ်ပြီး ပါတီကိုရော ပြည်သူတွေကိုပါ တစ်ဆင့်ခြင်း အသိပေးနေတာကိုလည်း တွေ့ရသည်။ ထိုသို့ အသိ ပေးခြင်းများကို လေ့လာရာတွင် ယခင် ၂၀၁၅ ခုနှစ်က ရွေးချယ်ခဲ့သည့် ပုံသဏ္ဍန်နှင့် မတူတာကို တွေ့ရသည်။ NLD က ၂၀၂၀ ရွေးကောက်ပွဲအတွက် မြို့မိမြို့ဖများ၏ ထောက်ခံမှုအပေါ် အခြေခံ ရွေးချယ်မည်ဟု ဆိုထားပြီး ပထမအဆင့်အနေဖြင့် မြို့မိမြို့ဖ ရွေးချယ်ရေးကို မြို့နယ်အလိုက် လုပ်ဆောင်ရမည်။

မြို့မိ၊ မြို့ဖ ၅ ဦးကို ပထမဆုံး ရွေးချယ်ရာတွင် NLD ကပင် ရွေးရမှာဖြစ်သည်။ NLD ကိုထောက်ခံအား ပေးသူများ၊ ပါတီကိုဝန်းရံသူများထဲမှ  မြို့မိ မြို့ဖ ၅ ဦးစီကို မြို့နယ်အလိုက် ရွေးချယ်ရမှာဖြစ်ပြီး ၎င်းတို့၏ထောက်ခံမှုဖြင့် မြို့နယ်ပါတီအလုပ်အမှုဆောင်အဖွဲ့ (သို့) စည်းရုံးရေးအဖွဲ့တို့က အမတ်လောင်းများကို မဲဆန္ဒနယ်တစ်ခုလျှင် နှစ်ဦးနှုန်းဖြင့်ရွေးချယ် အဆိုပြုပေးရမည်။

မြို့နယ်များမှ ပေးပို့လာသော အမတ်လောင်းများစာရင်းကို တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် ပါတီတာဝန်ရှိသူများက စိစစ်ပြီး ဦးစားပေး (၁)၊ ဦးစားပေး (၂) ခွဲကာ NLD  ဗဟိုအလုပ်အမှုဆောင် အဖွဲ့သို့ ယခုလအတွင်း ပေးပို့ရမည်ဖြစ်ကြောင်း သိရသည်။

ယင်းအမတ်လောင်းများထဲမှ ၂၀၂၀ ရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရမည့် ပါတီကိုယ်စားပြု အမတ်လောင်းများကို NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ဆုံးဖြတ်ရွေးချယ်သွားမှာဖြစ်သည်။

၂၀၁၅ အတွေ့အကြုံအရ လွှတ်တော်ကိုယ်စားလှယ်လောင်းများ ရွေးချယ်ရာတွင် အဓိက ပညာတတ်ဖြစ်ရမည်၊ အမျိုးသမီးများကို ဦးစားပေးမည်၊ နိုင်ငံအကျိုးပြုချင်သူ ဖြစ်ရမည်၊ မိသားစုအရေးထက် နိုင်ငံအရေးတွင် အချိန်ပေးနိုင်သူဖြစ်ရမည်၊ လူငယ်များကို ဦးစားပေးရမည်ဟု ယေဘုယျနားလည်ထားသည်။

ထို့ကြောင့်ပင် လွှတ်တော်များတွင် ပညာတတ်များစွာပါဝင်တာတွေ့ရပြီး၊ အမျိုးသမီးများစွာကိုလည်း တွေ့ရသည်။ မိသားစုအရေးထက် နိုင်ငံရေးကို အချိန်ပေးနိုင်ခြင်း/ မပေးနိုင်ခြင်းသည် လက်တွေ့ မမြင်ရသည့် အရှိတရားဖြစ်တာကြောင့် မှန်းဆချက်တစ်ခုသာလျှင်ဖြစ်နေသည်။ အမျိုးသမီးဖြစ်စေ၊ အမျိုးသားဖြစ်စေ နိုင်ငံရေးအရ ရိုးသား၍စွမ်းဆောင်နိုင်သူကိုသာ ရွေးချယ်သင့်သည်။

တချို့ပညာရှင်များသည် သူတတ်သည့်ဘာသာရပ်ကိုသာလျှင် တစ်ဖက်ကမ်းခတ် တတ်မြောက်ပြီး နိုင်ငံရေးအရ ဆုံးဖြတ်ချက်များတွင် မည်သို့ ပြတ်ပြတ်သားသား ဆုံးဖြတ်ရမည်ကို ပြည့်စုံလုံလောက်စွာ အကြံမပြုနိုင် မသိရှိနိုင်ချေ။  တက္ကသိုလ်တစ်ခုခုမှ ဘွဲ့တစ်ခုခုရထားသည့် တချို့ပညာတတ်များသည် လည်း  နိုင်ငံရေးတွင် စေ့စပ်သေချာမှုမရှိနိုင်သည့်အတွက် ခတ်မဆိတ် နေကြသည်များရှိ၍ လွှတ်တော် ထဲတွင် တစ်အားလျှော့နေသည်ဟု ပြောရမလိုပင်ဖြစ်နေသည်။

 အဆိုးဆုံးမှာ လွှတ်တော်သက်တမ်း ကုန်ဆုံးလာလေလေ ပါတီမှရွေးချယ်ထားသော ကိုယ်စားလှယ် တချို့သည် တစ်ပေါင်းတစ်စည်းထဲ မဖြစ်ကြသည်ကိုလည်းတွေ့ရသည်။ အနှစ် ၃၀ ကျော် ပျက်စီး ယိမ်းယိုင်နေသည့် တိုင်းပြည်ကို ၅ နှစ်အတွင်း ပြန်လည်တည့်မတ်အောင် ခက်ခက်ခဲခဲလုပ်ဆောင် နေရတာနဲ့ပတ်သက်ပြီး ပြည်သူကိုရှင်းပြနေရခြင်းကပင် အလုပ်တစ်ခုလို အချိန်ဆုံးရှုံးနေခြင်း တစ်ခုလို ဖြစ်နေသည်။

လွှတ်တော်သက်တမ်း ၊ အစိုးရသက်တမ်း နုနယ်သေးသည်ဖြစ်၍ တိုးတက်မှုနှေးကွေးနေခြင်းမှာ သဘာဝကျသည်။ ထိုအခြင်းအရာများကို သင်ခန်းစာယူ၍ ယခု ရွေးချယ်မှု ပုံစံပြောင်းသွားခြင်း ဖြစ်သည်ဟု ဆိုရမည်။

လာမည့်ရွေးကောက်ပွဲတွင် အကြံပြုလိုသည်မှာ တိုင်းပြည်ကိုချစ်မြတ်နိုး၍ တိုင်းပြည်တိုးတက်ရေးကို ရှေ့ရှုသော နိုင်ငံရေးသမိုင်းကြောင်း ကောင်းသူများ၊ နိုင်ငံရေးအတွေ့အကြုံနှင့် နိုင်ငံရေးအသိပညာ အတတ်ပညာ ကြွယ်ဝသည့် နိုင်ငံရေးသမားများကို ဦးစားပေးရွေးချယ်သင့်သည်။ နိုင်ငံ‌ရေးသမားသည် အားလုံးကို နှံ့စပ်သည်၊ နိုင်ငံရေးမှလွဲ၍ အခြားဘာသာရပ်တို့ကို မကျွမ်းကျင်သော်လည်း မည်သည့်အရာ မဆို နိုင်ငံရေးအရ ရှုမြင်တတ်သည်၊ နိုင်ငံရေးအရ သုံးသပ် ဆုံးဖြတ်တတ်သည်၊ ပြဿနာကို မကြောက် ဘဲ ရင်ဆိုင်ဖြေရှင်းရဲသည်၊ အခက်အခဲတို့ကို ကျော်ဖြတ်ရဲသည်၊ လိုအပ်လျှင် ဇယားရွှေ့တတ်သည်၊ ဇယားနိုင်သည်၊ အကွက်ရွှေ့တတ်သည်၊ အကွက်အကွင်းကိုလည်း ကြိုမြင်တတ်သည်၊ နှစ်ကောင်ကျွေး ပြီး ကင်းဝင်တတ်သည်၊ နိုင်ငံရေးတွင် အလွန်လိမ္မာသူများသည် တစ်ကွင်းလုံးကို ပတ်ကစားနိုင်သည်၊ တိုင်းပြည်အတွက်ဆို အချိန်မရွေး အသက်စွန့်ရန် တွန့်ဆုတ်မှု အလျင်းမရှိသူသည် နိုင်ငံရေးသမားပင် ဖြစ်သည်။

ယခုခေတ်ကာကတွင် နိုင်ငံရေးသမား အတုအယောင်နှင့် အယောင်ဆောင်နိုင်ငံရေးလုပ်စားသူများနှင့် နိုင်ငံရေးကို စီးပွားတွက် တွက်ကာ နိုင်ငံရေးလောကကို ဝင်ရောက်လုပ်စားသူများကို အထူးသဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အတွင်းမှာပင် တွေ့နေ မြင်နေ ကြားနေရသည်မှာ အဆန်းတကြယ် မဟုတ်ပေမယ့် သတိကြီးစွာ ထားသင့်ပေသည်။

၁၉၈၈ ခုနှစ် ဒီမိုကရေစီ လူထုအရေးတော်ပုံကြီးတွင် ပါဝင်ခဲ့ကြသော စွန့်လွှတ်အနစ်နာခံ နိုင်ငံရေး သမားများ၊ ၁၉၈၈ ခုနှစ်နောက်ပိုင်း အတွေ့အကြုံရှိ နိုင်ငံရေးသမားများနှင့် မျိုးဆက်သစ် နိုင်ငံရေး သမားများထဲမှ နိုင်ငံရေးကို ပိုင်နိုင်စွာ နားလည်သူများနှင့် ပညာတတ်သိသူများကို ရွေးချယ် ရွေးထုတ်၍ ပါတီမှ ထပ်ဆင့်မွန်းမံလိုက်မည်ဆိုပါက အကောင်းဆုံးမဖြစ်တောင်မှ နိုင်ငံတိုးတက်ရေးအတွက်  အားကောင်းမောင်းသန် မောင်းနှင်အား ဖြစ်မည်ဟု ဆိုချင်သည်။

ဆိုခဲ့ပါနိုင်ငံရေးသမားတချို့သည် ယခုလွှတ်တော်ထဲတွင်လည်းရှိနေသည်။ ပါတီထဲတွင်လည်း တချို့   ကျန်နေသေးသည်။ ပြင်ပတွင်လည်း တချို့ ပြန့်ကျဲနေကြသည်။ ထိုသူများသည် ဒီမိုကရေစီကို သိရှိပြီး ချစ်မြတ်နိုးကြသူများပင်ဖြစ်သည်။ တိုင်းပြည်အတွက် အသက်ပေးစတေးခံဝံ့သူများဖြစ်သည်။ တိုင်းပြည် တိုးတက်ရေးအတွက် မှန်တာကိုလုပ်ဆောင်မည်၊ ရဲတံ့စွာဆုံးဖြတ်မည်၊ မှားလျင်လည်း ဝန်ခံရဲသည့် သတ္တိရှိသည်၊ ဂုဏ်သိက္ခာကို တန်ဖိုးထားသည်။

ထိုကဲ့သို့ နိုင်ငံရေးသမားများကို ရွေးချယ်ရာ၌ အသုံးတည့်လိမ့်မည်ဟု ယုံကြည်ကြောင်း…။    ။

သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly