တင်နက်ဆီပြည်နယ်တွင် အမျိုးသားအစောင့်တပ်ဖွဲ့က ဒိုင်းအကာများချကာ ပူးပေါင်းပါဝင်ခဲ့

တင်နက်ဆီပြည်နယ်တွင် အမျိုးသားအစောင့်တပ်ဖွဲ့က ဒိုင်းအကာများချကာ ပူးပေါင်းပါဝင်ခဲ့

ဇွန် ၄

အမေရိကန်နိုင်ငံ တင်နက်ဆီပြည်နယ် နက်ရှ်ဗီလီမြို့၌ ပြီးခဲ့သည့် ဇွန်လ ၁ ရက် ညပိုင်းက ငြိမ်းချမ်းစွာ ပြုလုပ်သော စုဝေးပွဲတစ်ခု ပေါ်ပေါက်ခဲ့ရာ ပြည်နယ်ရှိ အမျိုးသားအစောင့်တပ်ဖွဲ့ဝင်များက ၎င်းတို့၏ ဒိုင်းအကာများကို အောက်သို့ ချကာ စုဝေးပွဲတက်ရောက်လာသူများနှင့် ပူးပေါင်းခဲ့ကြကြောင်း သိရသည်။

ယင်းနေ့ ဒေသစံတော်ချိန် ညနေ ၆ နာရီခန့်က ဆန္ဒပြသူ ဒါဇင်နှင့်ချီတို့သည် လူမည်းများ အသက်ဆုံးရှုံးခဲ့မှုအတွက် ဆုတောင်းပွဲပြုလုပ်ရန် ဥယျာဉ်တစ်ခုတွင် စုဝေးခဲ့ကြသည်။

ယင်းနောက် အဆိုပါ လူအုပ်စုသည် တင်နက်ဆီ ပြည်နယ် အစိုးရရုံးစိုက်ရာနှင့် ပြည်နယ် လွှတ်တော်အဆောက်အအုံသို့ ဆက်လက်ချီတက်ခဲ့ကြရာ ဥပဒေပြု အမတ်တချို့လည်း ၎င်းတို့နှင့်အတူ ပူးပေါင်းပါဝင်ခဲ့ကြသည်။

ယင်းနောက်  တက်ကြွလှုပ်ရှားသူ ဂျက်စတင် ဂျုံးစ်၏ ဖိတ်ခေါ်မှုနှင့်အတူ တင်နက်ဆီပြည်နယ် အမျိုးသားအစောင့်တပ်ဖွဲ့ဝင်များ ၎င်းတို့၏ ဒိုင်အကာများကို အောက်သို့ချခဲ့ခြင်းက အားရကျေနပ်စရာ အကောင်းဆုံး အခိုက် အတန့်တစ်ခု ဖြစ်ခဲ့သည်။

“ဒီ ဥပဒေစိုးမိုးရေးအဖွဲ့က တပ်ဖွဲ့ဝင်တွေကို ခင်ဗျားတို့ ဓားတွေ၊ ဒိုင်းအကာတွေ ချပြီး ကျွန်တော်တို့နဲ့အတူ ပူးပေါင်းပါဝင်ကြဖို့ ဖိတ်ခေါ်ချင်ပါတယ်” ဟု ဂျုံးစ်က ပြောခဲ့သည်။

ယင်းနောက် ပြည်နယ်အစိုးရရုံးအဆောက်အအုံရှေ့၌ တန်းစီရပ်နေကြသော အစောင့်တပ်ဖွဲ့ဝင်များသည် ၎င်းတို့၏ ဒိုင်းအကာများကို မြေပေါ်သို့ ချလိုက်ချိန်တွင် လူအုပ်စုက သြဘာပေးခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly