တျန်အန်မင် လူသတ်ပွဲအတွက် တရုတ်ကို ထိုင်ဝမ်က တောင်းပန်ခိုင်း

တျန်အန်မင် လူသတ်ပွဲအတွက် တရုတ်ကို ထိုင်ဝမ်က တောင်းပန်ခိုင်း

ဇွန် ၄

တရုတ်နိုင်ငံ ပေကျင်းမြို့တော်၌ ဒီမိုကရေစီ ထောက်ခံဆန္ဒပြသူများအပေါ် ကျူးလွန်ခဲ့သည့် သွေးစွန်းခဲ့သော ၁၉၈၉ တျန်အန်မင်ရင်ပြင် ဖြိုခွင်းမှုအတွက် တောင်းပန်ရန် တရုတ်နိုင်ငံအား ထိုင်ဝမ်က အင်္ဂါနေ့၌ တိုက်တွန်းတောင်းဆိုသည်။

အဆိုပါ တောင်းဆိုချက်ကို ‘အဓိပ္ပာယ်မရှိသော တောင်းဆိုချက်’အဖြစ် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပယ်ချလိုက်သည်။

ယနေ့ ဇွန် ၄ ရက်နေ့သည် တျန်အန်မင်ရင်ပြင် အတွင်းနှင့် အပြင်၌ ကျောင်းသားများ ဦးဆောင်သော ဆန္ဒပြပွဲများ အဆုံးသတ်အောင် တရုတ်စစ်တပ်က ပစ်ခတ်ဖြိုခွင်းခဲ့သည့် ၃၁ နှစ်မြောက် နှစ်ပတ်လည်နေ့ပဲ ဖြစ်သည်။

တရုတ်ပြည်မကြီး၌ ထို နှစ်ပတ်လည်နေ့ မည်သည့် အထိမ်းအမှတ်မျိုးကိုမဆို အာဏာပိုင်များက တားမြစ်ပိတ်ပင်ထားသည်။

အဆိုပါ ဖြိုခွင်းမှုအတွင်း စုစုပေါင်း သေဆုံးသူဦးရေကို တရုတ်အစိုးရက မည်သည့်အခါကမျှ မထုတ်ပြန်သော်လည်း လူ့အခွင့်အရေး အုပ်စုများနှင့် မျက်မြင်များ၏ ခန့်မှန်းချက်များအရ ရာဂဏန်းများစွာမှ ထောင်ဂဏန်း အတော်အတန်အထိ ရှိခဲ့သည်ဟု သိရသည်။

ဒီမိုကရေစီစနစ်ဖြင့် အုပ်ချုပ်ပြီး တရုတ်က သူပိုင်အဖြစ် အတည်ပြုထားသော ထိုင်ဝမ်အစိုးရက တျန်အန်မင် နှစ်ပတ်လည်အကြို၌ ထုတ်ပြန်ချက်တွင် တရုတ်နိုင်ငံအနေဖြင့် လွတ်လပ်မှုနှင့် ဒီမိုကရေစီကို မျှော်လင့်နေသော ပြည်သူများကို မျက်နှာမူသင့်ပြီး နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ စတင်ရန် တိုက်တွန်းထားသည်။

ဇွန် ၄ ရက် ဖြစ်ရပ်က သမိုင်းဝင်အချက်အလက်များကို တရုတ်အနေဖြင့် ပြန်လည်သုံးသပ်ပြီး ရိုးရိုးသားသား ဝန်ချတောင်းပန်သင့်သည်ဟု ထိုင်ဝမ်က တရုတ်မူဝါဒရေးရာဖြစ်သည့် ပြည်မကြီးရေးရာကောင်စီက ပြောသည်။

“ကျွန်ုပ်တို့အနေဖြင့် လက်ရှိ အာဏာရနေသည့် တရုတ်အစိုးရက အမှားကို ပြင်ဆင်ရန် သတ္တိမွေးသင့်ပြီး ပြုပြင်ပြောင်းလဲမှုများ ချက်ချင်းဖော်ဆောင်ကာ ပြည်သူထံ အာဏာအပ်နှင်းမည်ဟု ယုံကြည်ကြောင်း။” အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ထိုင်ဝမ်အာဏာပိုင်တွေရဲ့ တောင်းဆိုချက်ဟာ လုံးဝကို အဓိပ္ပာယ်မဲ့တယ်။ ၁၉၈၀ နှောင်းပိုင်းနှစ်တွေက နိုင်ငံရေး ဆူပူလှုပ်ရှားမှုတွေအဖြစ်ပဲ တရုတ်နိုင်ငံအနေနဲ့ ရှင်းရှင်းလင်းလင်း ကောက်ချက်ချထားပြီး ဖြစ်တယ်။”ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ ကျို့လီကျင်းက ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ထိုင်ဝမ်၏ တောင်းဆိုချက်ကို ပယ်ချသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required