ကိုရိုနာဗိုင်းရပ်စ်အကြောင်း ပထမဆုံးသတိပေးခဲ့သည့် တရုတ်ဆရာဝန် လီဝန်လျန်၏ လုပ်ဖော်ကိုင်ဘက် ကိုဗစ်-၁၉ ကြောင့် ကွယ်လွန်

ကိုရိုနာဗိုင်းရပ်စ်အကြောင်း ပထမဆုံးသတိပေးခဲ့သည့် တရုတ်ဆရာဝန် လီဝန်လျန်၏ လုပ်ဖော်ကိုင်ဘက် ကိုဗစ်-၁၉ ကြောင့် ကွယ်လွန်

ဇွန် ၃

ကိုရိုနာဗိုင်းရပ်စ်အကြောင်း ပထမဆုံးသတိပေးခဲ့သည့် တရုတ်ဆရာဝန် လီဝန်လျန်နှင့်အတူ ဝူဟန်ဗဟိုဆေးရုံ၌ တာဝန်ထမ်းဆောင်ခဲ့သည့် ဆရာဝန်တစ်ဦး ပြီးခဲ့သည့်အပတ်က ကိုဗစ်-၁၉ ရောဂါကြောင့် ကွယ်လွန်သွားခဲ့ ကြောင်း နိုင်ငံပိုင် မီဒီယာက ဇွန်လ ၂ ရက်တွင် ဖော်ပြသည်။ အဆိုပါ ဆရာဝန်သည် သီတင်းပတ်များစွာအတွင်း နိုင်ငံ၌ ကိုဗစ်-၁၉ ကြောင့် ပထမဆုံးသေဆုံးသူလည်း ဖြစ်လာခဲ့သည်။

ဝူဟန်ဗဟိုဆေးရုံမှ ဆီးနှင့် ကျောက်ကပ်ဆိုင်ရာ အထူးကုဆရာဝန်တစ်ဦးဖြစ်သည့် ဟူ ဝေဖုန်းသည် ကိုဗစ်-၁၉ ရောဂါနှင့် ဆက်စပ် ဝေဒနာများအတွက် လေးလကျော်ကြာ ကုသမှုခံယူခဲ့ပြီးနောက် ပြီးခဲ့သည့် မေလ ၂၉ ရက်က ကွယ်လွန်ခဲ့ခြင်း ဖြစ်ကြောင်း နိုင်ငံပိုင် CCTV သတင်းဌာနက ဖော်ပြသည်။

၎င်းသည် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကွယ်လွန်ခဲ့ရသည့် ဝူဟန်ဗဟိုဆေးရုံမှ ခြောက်ဦးမြောက် ဆရာဝန်လည်း ဖြစ်သည်။

တရုတ်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုသည် ဖေဖော်ဝါရီလလယ်ပိုင်းက အထွတ်အထိပ် ရောက်ခဲ့ရာကနေ ယင်းနောက်ပိုင်း သိသိသာသာ လျော့ပါးသွားခဲ့ပြီး နိုင်ငံအနေဖြင့် ဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုကို အများအားဖြင့် ထိန်းချုပ်ထားနိုင်ခဲ့ပုံ ပေါ်ခဲ့သည်။

လူဦးရေ ၁ ဒသမ ၄ ဘီလီယံ ရှိ နိုင်ငံတွင် ကိုဗစ်-၁၉ ကြောင့် တရားဝင် သေဆုံးသူဦးရေသည် ၄,၆၄၃ ဦး သာ ရှိနေသည့်အတွက် ယင်းနိုင်ငံထက် လူဦးရေ ပိုနည်းသော နိုင်ငံများရှိ သေဆုံးသူဦးရေထက် များစွာ လျော့နည်းနေ သည်။

ဆရာဝန် ဟူ သေဆုံးမှုအတွက် ဝူဟန်ဗဟိုဆေးရုံက တရားဝင် ကြေညာချက်တစ်ရပ် ထုတ်ပြန်ခြင်း မရှိသေးပေ။ ယင်းဆေးရုံရှိ အမှုထမ်း ၆၈ ဦးခန့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း ပြီးခဲ့သည့် ဖေဖော်ဝါရီလ အစောပိုင်းက ထုတ်ပြန်ခဲ့သည်။

အသည်း ထိခိုက်ပျက်စီးမှုကြောင့် ဆရာဝန် ဟူ၏ အသားအရောင်သည် မည်းသွားသည့် ရုပ်ပုံများ တရုတ်မီဒီယာက ထုတ်ပြန်ဖော်ပြခဲ့ပြီးနောက် ဟူ၏ အခြေအနေသည် တစ်နိုင်ငံလုံး စိုးရိမ်ပူပန်စရာ ကိစ္စတစ်ခု ဖြစ်လာ ခဲ့သည်။

အခြား လုပ်ဖော်ကိုင်ဘက် ဆရာဝန်တစ်ဦးဖြစ်သည့် ယီ ဖန်းမှာမူ အလားတူ လက္ခဏာရပ်များ ပြသခဲ့သော်လည်း ရောဂါကနေ ပြန်လည်သက်သာကာ ဆေးရုံမှ ဆင်းသွားခဲ့ပြီ ဖြစ်သည်။

၎င်းတို့၏ လုပ်ဖော်ကိုင်ဘက်ဖြစ်သော ဆရာဝန် လီဝန်လျန် ပြီးခဲ့သည့် ဖေဖော်ဝါရီလက ကွယ်လွန်ခဲ့ချိန် တစ်နိုင်ငံလုံး ၀မ်းနည်းပူဆွေးခဲ့ကြရပြီး အစိုးရအပေါ် အမျက်ဒေါသထွက်မှုများ ဖြစ်ပေါ်ခဲ့သည်။

အသက် ၃၄ နှစ်အရွယ် မျက်စိဆရာဝန် လီဝန်လျန်သည် ဒီဇင်ဘာလကုန်ခါနီးတွင် ဗိုင်းရပ်စ်အကြောင်း လုပ်ဖော်ကိုင်ဘက်များကို သတိပေးခဲ့ပြီးနောက် ၎င်းကို အာဏာပိုင်များက ခေါ်ယူသတိပေးခဲ့သည်။

၎င်း ကွယ်လွန်သွားပြီးနောက် ပေကျင်းအစိုးရက ၎င်းအား အာဇာနည်တစ်ဦးအဖြစ် သတ်မှတ်ပေးခဲ့သော်လည်း ၎င်းသေဆုံးမှုကြောင့် ဖြစ်ပေါ်လာသည့် ဝေဖန်မှုများ၊ ကန့်ကွက်မှု အများအပြားအပေါ် ဖိနှိပ်ချုပ်ချယ် ထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly