ဘန်ကောက်တွင် ဂိုထောင်အတွင်း ဆေးခြောက်စိုက်ပျိုးကာ အွန်လိုင်းမှ ရောင်းချနေသည့် တရုတ်အမျိုးသားအား ဖမ်းဆီး

ဘန်ကောက်တွင် ဂိုထောင်အတွင်း ဆေးခြောက်စိုက်ပျိုးကာ အွန်လိုင်းမှ ရောင်းချနေသည့် တရုတ်အမျိုးသားအား ဖမ်းဆီး

ဇွန် ၃

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဘန်ကာပီအရပ်တွင် တရုတ်အမျိုးသားတစ်ဦးအား အင်္ဂါနေ့က ဖမ်းဆီးခဲ့ပြီး ဂိုထောင်အတွင်း ဆေးခြောက်ပင် ၁၀၀၀ ကို စိုက်ပျိုးကာ အွန်လိုင်းတွင် ရောင်းချနေမှုဖြင့် စွဲဆိုထားသည်။

အသက် ၄၁ နှစ်အရွန် ဝူတန်ပင်းဆိုသူအား ဆွန်ရမ်ခမ်ဟန်းရှိ ၎င်း၏ အခန်းတွင် ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်း ဖြစ်သည်ဟု ရဲမှူးချုပ် ပတ်ကာပွန်ပွန်ပီထရာက ပြောသည်။

ဝူတန်ပင်းနှင့် အပေါင်းပါ လေးဦးသည် ငှားရမ်းထားသော ဂိုထောင်အတွင်း နိုင်ငံခြားမျိုးရင်း ဆေးခြောက်များကို စိုက်ပျိုးကာ အွန်လိုင်းတွင် ရောင်းချပြီး ဧည့်လမ်းညွှန်ဝန်ဆောင်မှုမှတစ်ဆင့် ပေးပို့နေခြင်းဖြစ်သည်ဟု ရဲက စွဲဆိုထားသည်။

“နိုင်ငံခြားမျိုးရင်း ဆေးခြောက်ဟာ တစ်ကီလိုဂရမ်ကို ထိုင်းဘတ်ငွေ ခုနစ်သိန်းအထိ တန်ဖိုးရှိတယ်။”ဟု ရဲမှူးချုပ် ပတ်ကာပွန်က ပြောသည်။

ယခု ဖမ်းဆီးထားသည့် သံသယတရားခံသည် ၂၀၁၈ ခုနှစ်အတွင်းက ထိုင်းနိုင်ငံသို့ လာရောက်ခဲ့ခြင်း ဖြစ်ပြီး နောက်ပိုင်းတွင် student visa ဖြင့် ထိုင်းနိုင်ငံအတွင်း ပြန်ဝင်လာခြင်း ဖြစ်သည်ဟု Muay Thai သတင်းအရ သိရသည်။

ဝူတန်ပင်းက ဂိုထောင်အတွင်း ဆေးခြောက်ပင်များ စိုက်ပျိုးထားသည်ကို မသိရှိကြောင်း ငြင်းဆန်ကာ ၎င်းသည် မီးပြင်သမားတစ်ဦးသာ ဖြစ်သည်ဟု ပြောသည်။  ထောက်လှမ်းရေးကင်မရာများအရ ဝူတန်ပင်းသည် ယင်း ဂိုထောင်သို့ အိတ်ကြီးများကို သယ်ပြီး မကြာမကြာ လာရောက်သည်ကို တွေ့ရကြောင်း ဘန်ကောက်ရဲမှူးချုပ်က ပြောသည်။

ယင်း ဂိုထောင်တွင် လေအေးပေးစက် တပ်ဆင်ထားသကဲ့သို့ အချိန်ပြည့် မီးထွန်းထားခြင်း ဖြစ်သည်ဟု သိရသည်။ ဂိုထောင်ငှားရမ်းခမှာ တစ်လ ဘတ် လေးသောင်းသာ ရှိသော်လည်း မီတာခက တစ်လလျှင် ဘတ် ခုနစ်သောင်းမှ တစ်သိန်းကြား ရှိနေသည်။

ဖမ်းဆီးမခံရမီ ဝူတန်ပင်းတို့အဖွဲ့သည် ဂိုထောင်ကို မီးဖြတ်လိုက်ခြင်းကြောင့် ဆေးခြောက်ပင်များ သေဆုံးခဲ့သည်ဟု ရဲမှူးချုပ် ပတ်ကာပွန်က ပြောသည်။

ဆွန်ရမ်ခမ်ဟန်းအရပ်တွင်ပင် ဆေးခြောက်ပင် ၃၀၀ စိုက်ပျိုးမှုဖြင့် အသက် ၃၆ နှစ်ရှိ ဟောင်ကောင်တရုတ်အမျိုးသား မာဟိုရင်းကို မေ ၃ ရက်နေ့၌ ရဲက ဖမ်းဆီးခဲ့သည်ဟု ၎င်းက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly