အမေရိကန်ရဲ့ ဆန္ဒပြမှုများက လူမျိုးရေးခွဲခြားမှု၏ နာတာရှည်ရောဂါကို ပြသနေဟု တရုတ် ပြော

အမေရိကန်ရဲ့ ဆန္ဒပြမှုများက လူမျိုးရေးခွဲခြားမှု၏ နာတာရှည်ရောဂါကို ပြသနေဟု တရုတ် ပြော

ဇွန် ၁

ရဲလက်အတွင်း လက်နက်မဲ့ လူမည်းတစ်ဦး သေဆုံးပြီးနောက် အမေရိကန်နိုင်ငံတစ်ဝန်း ဆန္ဒပြမှုများ ဖြစ်ပွားပေါ်ပေါက်နေစဉ် အမေရိကန်လူမှုအသိုင်းအဝန်း၏ နာတာရှည်ရောဂါ လူမျိုးရေးခွဲခြားမှုပဲဖြစ်သည်ဟု  တရုတ်နိုင်ငံက ပြောဆိုလိုက်သည်။

အဆိုပါ ဆန္ဒပြဆူပူမှုများသည် အမေရိကန်နိုင်ငံအတွင်း လူမျိုးရေးခွဲခြားမှု ပြဿနာ၏ ပြင်းထန်မှုနှင့် ရဲများ၏ အကြမ်းဖက်မှုများကို ပြသနေသည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ ကျို့လီကျင်းက ပေကျင်းတွင် ပြုလုပ်သော ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောခဲ့ခြင်းဖြစ်သည်။

အမေရိကန်နိုင်ငံတွင် ပြီးခဲ့သည့် တနင်္လာနေ့နှောင်းပိုင်းက ရဲလက်ချက်ဖြင့် လက်နက်မဲ့ လူမည်းတစ်ဦး သေဆုံးခဲ့သည့် တုန်လှုပ်ဖွယ် ဗီဒီယိုတစ်ရပ် ထွက်ပေါ်ခဲ့ပြီးနောက်တွင် လက်နက်မဲ့ လူမည်းများအပေါ် ရဲများ၏ သေစေလောက်အောင် အင်အားသုံးခြင်းများအပေါ် နိုင်ငံအနှံ့ စိတ်ဆိုးဒေါသထွက်ကြရာမှ ဆန္ဒပြမှုများ ဖြစ်ပွားပေါ်ပေါက်လျက် ရှိသည်။

အချို့သော ဆန္ဒပြမှုများသည် အကြမ်းဖက်မှုအသွင် ဆောင်ခဲ့ပြီး အဓိကရုဏ်းနှိမ်နင်းရေး ရဲနှင့် ဆန္ဒပြသူများ ထိပ်တိုက်တွေ့မှုများ ဖြစ်ပွားကာ မျက်ရည်ယိုဓာတ်ငွေ့နှင့် ပလတ်စတစ်ကျည်ဆန်များဖြင့် ဖြိုခွင်းရခြင်းများ ရှိနေသည်။

အဆိုပါ မတည်ငြိမ်မှုများကြောင့် ဝါရှင်တန်မြို့တော်နှင့် အခြားမြို့ကြီးများတွင် သတ်မှတ်ချိန်အတွင်း အပြင်မထွက်ရ ကာဖျူးမိန့်ကို အာဏာပိုင်များက တနင်္ဂနွေနေ့တွင် ပြဌာန်းလိုက်သည်။

လူမည်းတစ်ဦးဖြစ်သည့် ဂျော့ချ်ဖလွိုက်ဆိုသူအား ငွေတုသုံးစွဲမှု သံသယဖြင့် ရဲက ဖမ်းဆီးရာတွင် လမ်းပေါ်မှောက်ခိုင်းထားပြီး ဒဲရတ်ချူဗင်းဆိုသော ရဲက ဖလွိုက်၏ ဇက်အပေါ် ဒူးဖြင့် တက်ဖိထားတဲ့ ဗီဒီယို ထွက်ပေါ်ခဲ့ခြင်း ဖြစ်သည်။

ထိုသို့ တက်ဖိခံထားရချိန်တွင် ဖလွိုက်က ‘ကျွန်တော် အသက်ရှုလို့ မရတော့ဘူး။’ဟု ပြောရင်းမှ ပျော့ခွေသွားခြင်း ဖြစ်ပြီး နောက်ပိုင်း၌ ဖလွိုက်သေဆုံးကြောင်းကို ကြေညာခဲ့သည်။

ယင်း ဖြစ်ရပ်နှင့် ပတ်သက်ကာ ဒဲရတ်ချူဗင်းကို လူသတ်မှုဖြင့် စွဲဆိုထားပြီး အခင်းဖြစ်ရာ၌ ရှိနေခဲ့သော အခြား ရဲသုံးဦးကိုလည်း အလုပ်ကနေ ထုတ်ပယ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly