အမေရိကန်တွင် ဆန္ဒပြပွဲများ ပေါ်ပေါက်နေချိန် ဆန္ဒပြလူအုပ်ထဲ ဆီတင်ထရပ်ကားတစ်စီး အတင်းဝင်ရောက်မှု ဖြစ်ပွား

အမေရိကန်တွင် ဆန္ဒပြပွဲများ ပေါ်ပေါက်နေချိန် ဆန္ဒပြလူအုပ်ထဲ ဆီတင်ထရပ်ကားတစ်စီး အတင်းဝင်ရောက်မှု ဖြစ်ပွား

ဇွန် ၁

အမေရိကန်ပြည်ထောင်စုတွင် ရဲလက်ချက်ဖြင့် လူမည်းအမျိုးသားတစ်ဦး သေဆုံးခဲ့မှုဖြစ်စဉ်ကြောင့် ဆန္ဒပြပွဲများ ပေါ်ပေါက်နေချိန် ယမန်နေ့ မေလ ၃၁ ရက်က မင်နီယာပိုလစ်မြို့အနီး လမ်းတစ်လမ်းပေါ်ရှိ ဆန္ဒပြလူအုပ်စု တစ်စုထဲသို့ ဆီတင်ထရပ်ကားတစ်စီး အတင်းမောင်းဝင်ခဲ့သည်။

ဆန္ဒပြလူအုပ်စုထဲ အတင်းမောင်းဝင်ခဲ့သည့် ထရပ်ကား ဒရိုင်ဘာကို ဆန္ဒပြသူများက ကားပေါ်မှ ဆွဲချပြီး ဝိုင်းဝန်းရိုက်နှက်ခဲ့ကြသည်။

မင်နီဆိုးတားပြည်နယ်ရှိ ပြည်နယ်ချင်းဆက် အမြန်လမ်းမတစ်ခုပေါ်တွင် ငြိမ်းချမ်းစွာ စုဝေးနေကြသော ဆန္ဒပြသူလူအုပ်စုထဲ ထရပ်ကားက အမြန်မောင်းဝင်ခဲ့ခြင်း ဖြစ်သည်။

ယင်းဖြစ်စဉ်တွင် ဆန္ဒပြသူတစ်ဦးတစ်ယောက်မှ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်း ရှိပုံမရပေ။

ယင်းနောက် အဆိုပါ ထရပ်ကား ဒရိုင်ဘာကို ဆန္ဒပြသူများက ကားပေါ်မှ ဆွဲချပြီး ဝိုင်းရိုက်ခဲ့ပြီးနောက် ၎င်းအား မင်နီယာပိုလစ် ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

ရိုက်တာသတင်းဌာန၏ ဓာတ်ပုံတစ်ပုံအရ ၎င်းသည် ရှပ်အင်္ကျီမရှိဘဲ ရဲတပ်ဖွဲ့ဝင်တစ်ဦး၏အနီး ရပ်နေစဉ် မျက်နှာကို ဖုံးထားခဲ့သည်ကို တွေ့ရသည်။

“ထရပ်ကား ဒရိုင်ဘာရဲ့ ဒီလုပ်ရပ်က အတော်လေး စိုးရိမ်စရာ ကောင်းပါတယ်၊ ဒါဟာ အေးအေးချမ်းချမ်း ဆန္ဒပြနေကြနေတဲ့ လူအုပ်ကို စိတ်ဆိုးအောင်လုပ်လိုက်တာပါ” ဟု မင်နီယာပိုလစ်မြို့ အများပြည်သူဘေးကင်းရေး ဌာနက ထုတ်ပြန်သည်။

“ထရပ်ကား ဒရိုင်ဘာ ဒဏ်ရာတွေရသွားလို့ ဆေးရုံကို ခေါ်သွားခဲ့ရပါတယ်၊ အသက်အန္တရာယ် စိုးရိမ်ရလောက်တဲ့အထိတော့ မဟုတ်ပါဘူး၊ သူ အခု ရဲတွေရဲ့ ဖမ်းဆီးထိန်းသိမ်းမှုအောက်မှာ ရှိနေပါတယ်၊ နောက်ပြီး ထရပ် ကားက ဆန္ဒပြသူတွေကို တိုက်မိခဲ့ပုံလည်း မရပါဘူး” ဟု ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းနိုင်ငံတွင် ပြီးခဲ့သည့် မေလ ၂၅ ရက်က ဂျော့ဂျ် ဖလွိုက် အမည်ရ လူမည်းအမျိုးသားတစ်ဦး ရဲတပ်ဖွဲ့၏ ဖမ်းဆီးမှုကို ခံရစဉ် သေဆုံးခဲ့သည့် ဖြစ်စဉ်နှင့်ပတ်သက်၍ ဆန္ဒပြပွဲများ နိုင်ငံတဝန်း ပျံ့နှံ့ပေါ်ပေါက်ခဲ့သည်။

ယင်းဖြစ်စဉ်တွင် ဖလွိုက်၏ လည်ပင်းကို လူဖြူရဲတစ်ဦးက ဒူးဖြင့် ဖိထောက်ကာ ဖမ်းဆီးချုပ်နှောင်ထားခဲ့ပြီး ယင်းနောက် ဖလွိုက် အသက်ဆုံးရှုံးသွားခဲ့ရခြင်း ဖြစ်သည်။ ယင်းကိစ္စဖြစ်ပေါ်ပြီးနောက် ရဲတပ်ဖွဲ့၏ လူမဆန်မှုအပေါ် ဆန့်ကျင်သည့် ဆန္ဒပြပွဲများ နိုင်ငံတဝန်း မြို့များတွင် ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required